ကမ္ဘာပေါ်တွင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့်တစ်ဖက်သတ်ဝါဒများမြင့်တက်နေချိန်တွင် တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်မှုနယ်မြေ(CAFTA)ကို အဆင့်မြှင့်တင်ခြင်းသည် ကမ္ဘာ့စီးပွားရေးတွင် ယုံကြည်မှုနှင့် သေချာမှုရှိစေရန် သိသာထင်ရှားသော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
၂၀-၅-၂၀၂၅ ရက်နေ့တွင် တရုတ်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွား ရေးနှင့် ကုန်သွယ်ရေးဝန်ကြီးများသည် Version 3.0 CAFTA စေ့စပ်ညှိနှိုင်းမှုကို အပြီးသတ်နိုင်ခဲ့ပြီဟု ကြေညာခဲ့ကြောင်း၊ ဤအဆင့်မြှင့်ထားသောသဘောတူညီချက်တွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိသော စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှု စသည့်နယ်ပယ်သစ်(၉)ခုပါဝင်ကြောင်း သိရှိရပါသည်။
ဖွံ့ဖြိုးဆဲဒေသကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့်အာဆီယံတို့၏ အထင် ကရလုပ်ဆောင်ချက်သည် ပွင့်လင်းသောစျေးကွက်များနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု၏တန်ဖိုးကို မီးမောင်းထိုးပြလျက်ရှိကြောင်းနှင့်လွတ်လပ်သောကုန်သွယ်မှုကို မလွှဲမသွေထောက်ခံခြင်းဖြင့် ဒေသတွင်းနှင့်ကမ္ဘာ့ကုန်သွယ်မှုအတွက် ပိုမိုသေချာစေရုံသာမက ပွင့်လင်းမှု၊ အားလုံးပါဝင်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်သည့်ပူးပေါင်း ဆောင်ရွက်မှုပုံစံတစ်ခုလည်းဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၀ ပြည့်နှစ်တွင် စတင်ခဲ့သော CAFTA ၏တွန်းအားဖြင့် ဒေသနှစ်ခုအကြား ကုန်သွယ်မှုသည် ခိုင်မာသောတိုးတက်မှုကို မြင်တွေ့ခဲ့ရကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံ၏အကြီးဆုံးကုန်သွယ်ဖက်အဖြစ် (၁၆)နှစ်ဆက်တိုက်ရှိခဲ့ပြီး အာဆီယံသည် လွန်ခဲ့သည့်(၅)နှစ်အတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ်က နှစ်ဘက်ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၁)ထရီလီယံနီးပါးအထိ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
အကျိုးဖြစ်ထွန်းသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နှင့်အာဆီယံ၏ စီးပွားရေးတိုးတက်မှုကို သိသာထင်ရှား စွာပံ့ပိုးပေးခဲ့ပြီး ထိုနိုင်ငံများမှ ပြည်သူများအား မြင်သာထင်သာသော အကျိုးကျေးဇူးများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
CAFTA ကိုအဆင့်မြှင့်တင်မှုသည် နှစ်ဘက်စလုံး၏ စီးပွားရေးစဉ်ဆက်မပြတ်တိုးတက်မှုအတွက် အရေးပါသောနှစ်ဘက်ချိတ်ဆက်ဆောင်ရွက် မှုနှင့် ဒေသဆိုင်ရာ စီးပွားရေးပေါင်းစည်းမှုကို နက်ရှိုင်းစေမည့် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များတည်ငြိမ်စေရေးနှင့် မျှဝေထားသည့်သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်နှင့် အာဆီယံတို့၏ ပူးပေါင်းကြိုးပမ်းမှုလည်းဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘာ့တောင်ဘက်ခြမ်းအဖွဲ့ဝင်များဖြစ်သော တရုတ်နှင့် အာဆီယံတို့ သည် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံနှင့် ကမ္ဘာ့ GDP ၏ငါးပုံတစ်ပုံရှိပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် (၃၀)ရာခိုင်နှုန်းကိုပံ့ပိုးပေးထားကြောင်း၊“ဒစ်ဂျစ်တယ်ပိုင်းခြားမှု”သည် စီးပွားရေးပေါင်းစည်းမှု၏ အဓိကအတားအဆီးတစ်ခုအဖြစ် ကျန်ရှိနေသဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးတွင် ကွာဟ မှုများရှိနေကြောင်း၊ CAFTA 3.0 ညှိနှိုင်းမှုများမှတစ်ဆင့် ချမှတ်ထားသည့်စည်းမျဉ်းအသစ်များသည် အာဆီယံနိုင်ငံများ၏ ဒစ်ဂျစ်တယ်ကွာဟချက်ကို ပေါင်းကူးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့အပြင် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတိုးမြင့်လာခြင်းသည် ကမ္ဘာ့ကုန်သွယ်မှုအလားအလာနှင့်ကမ္ဘာ့စီးပွားရေးကို အနှောက်အယှက်ဖြစ်စေသည့်အချိန်တွင် စည်းမျဥ်းများကိုအခြေခံသည့် နိုင်ငံစုံကုန်သွယ်မှုစနစ်နှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများကိုကာကွယ်ရန်အတွက် အတူတကွကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် ပွင့်လင်းမြင်သာမှုကို ခေတ်မီတိုးတက်မှု၏လက္ခဏာရပ်တစ်ခုအဖြစ် သတ်မှတ်ထားသည့်အလျှောက် အဆင့်အတန်းမြင့်၍ ပွင့်လင်းမြင်သာသည့် စီးပွားရေးကိုမြှင့်တင်ရန်နှင့် ၎င်း၏ဖွံ့ဖြိုးတိုးတက် မှုအခွင့်အလမ်းများကို ကမ္ဘာနှင့်မျှဝေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ CAFTA ကို အဆင့်မြှင့်တင်ခြင်းသည် တရုတ်-အာဆီယံပေါင်းစည်းထားသောကြီးမားသောစျေးကွက်တစ်ခု တည်ဆောက်ခြင်းအတွက် အရေး ကြီးသောအဖွဲ့အစည်းဆိုင်ရာ အကာအကွယ်ကို ပေးစွမ်းမည်ဖြစ် ကြောင်း သိရှိရပါသည်။
CAFTA version 3.0 စေ့စပ်ညှိနှိုင်းမှုများကို အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်၍ အဆင့်မြှင့်တင်ထားသည့်အခြေပြစာချုပ်ကို ယခုနှစ်မကုန်မီတွင် တရားဝင်လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်းနှင့် တရုတ်နှင့် အာဆီယံတို့သည် မျှဝေထားသည့်အနာဂတ်နှင့်အတူ ပိုမိုနီးကပ်သော အသိုက်အဝန်းတစ်ရပ်ကို တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။
Source: en.people.cn/n3/2025/0524/c90000-20319279.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)