International News

ကမ္ဘောဒီးယားမှ တင်သွင်းသည့်ဆန်အပေါ် အခွန်သုညရာခိုင်နှုန်းသို့ ဗီယက်နမ် လျှော့ချမည်

Last Updated:

ဗီယက်နမ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံထံမှ တင်သွင်းသည့်ဆန်များအပေါ် အခွန်စည်းကြပ်မှုကို သုညရာခိုင်နှုန်းသို့ လျှော့ချခြင်းအား ၂ နှစ်တာကာလအထိ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ဗီယက်နမ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည်  ကမ္ဘောဒီးယားနိုင်ငံထံမှ တင်သွင်းသော ဆန်စပါးများအပေါ် အခွန်စည်းကြပ်မည့် အစီအစဉ်နှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ရာအေဂျင်စီများထံမှ သဘောထားမှတ်ချက်များကို ရယူနိုင်ရန်အတွက် မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် အီလက်ထရွန်းနစ် သတင်းချက်အလက် စင်္ကြန်စနစ်၌ သွင်းကုန်အခွန် ခွဲတမ်း ကြီးကြပ်မှုဆိုင်ရာ လှည့်လည်စာ မူကြမ်းကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ မူကြမ်း၌ ဗီယက်နမ်အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံထံမှ တင်သွင်းသော ဆန်စပါးများအပေါ် အထူးသက်သာခွင့် အခွင့်အရေးပေးမှုအဖြစ် အကောက်ခွန်နှုန်းထားကို သုညရာခိုင်နှုန်း အထိ လျှော့ချပေးမည်ဖြစ်ကြောင်း၊ သို့သော် တင်သွင်းခွင့်ပြုမည့် ပမာဏကို နှစ်စဉ်သတ်မှတ်မည်ဖြစ်ကြောင်း၊ ၎င်းအခွန်နှုန်းထားသည် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များ အတွင်း၌သာ တရားဝင် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ ထိုသို့ တင်သွင်းသော ဆန်စပါးများအတွက် ကမ္ဘောဒီးယားနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ထုတ်ပေးသည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (C/O Form S) ပါဝင်ရမည်ဖြစ်ကြောင်း၊ ဗီယက်နမ်အစိုးရက တရားဝင်ကြေညာသည့် ခွဲတမ်းသတ်မှတ်ချက်နှင့် အကြုံးဝင်သည့် တင်သွင်းမှုပမာဏ အတွင်းသာရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဤအစီအစဉ်အရ ဆန်စပါးတင်သွင်းရာတွင် တင်သွင်းခွင့်ခွဲတမ်းကို အကောက်ခွန်ဌာနရှိ အလိုအလျောက် စာရင်းလျော့ချနုတ်ပယ်သည့်စနစ်ဖြင့် စီမံခန့်ခွဲမည်ဖြစ်ပြီး သွင်းကုန်လုပ်ငန်းရှင် အနေဖြင့် သီးခြားပါမစ်ကြိုတင်လျှောက်ထားရန် မလိုပဲ ပုံမှန်သွင်းကုန်လုပ်ငန်းစဉ်များ အတိုင်းသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အကောက်ခွန်ဌာနသည် ခွဲတမ်းပမာဏ ကုန်ဆုံးသည်အထိ အလိုအလျောက် နုတ်ပယ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုမူဝါဒသည် ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရေးထိုးခဲ့သော နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး သဘောတူညီချက်ကို အကောင်အထည် ဖော်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။   ဗီယက်နမ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ယခုမူဝါဒသည် ကမ္ဘောဒီးယားမှ ဆန်စပါးတင်သွင်းမှုအပေါ် သွင်းကုန် အခွန် အပြည့်အဝလျှော့ချ သက်သာခွင့်ပြုမည့်အစား ထိန်းချုပ်မှုရှိသော ကုန်သွယ်ရေးဆိုင်ရာ သက်သာခွင့်တစ်ရပ်အဖြစ် လုပ်ဆောင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

Source: Saigon Giai Phong News , 20 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News