International News

အိန္ဒိယက ယာယီကုန်သွယ်ရေးသဘောတူစာချုပ်တွင် အမေရိကန်၏ ၂၆ ရာခိုင်နှုန်း အပြန်အလှန်အခွန်စည်းကြပ်မှုမှ ကင်းလွတ်ခွင့်ရရှိရန် တောင်းဆို

Last Updated:

အမေရိကန်၏ ၂၆ ရာခိုင်နှုန်းအပြန်အလှန်စည်းကြပ်ခွန်များ စတင်အသက်ဝင်မည့် ဇူလိုင်လ ၈ ရက်မတိုင်မီ အိန္ဒိယနှင့် အမေရိကန်တို့သည် ယာယီကုန်သွယ်ရေးသဘောတူညီချက်ကို ကြေညာဖွယ်ရှိကြောင်း၊ စာချုပ်တွင် ကုန်စည်များ၊ အကောက်ခွန်မဟုတ်သောကုန်သွယ်မှုဆိုင်ရာ အတားအဆီးများနှင့် ဒစ်ဂျစ်တယ်ကဲ့သို့သောဝန်ဆောင်မှုအချို့ပါဝင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူး နေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယသည် ၎င်းတို့၏ပြည်တွင်းကုန်စည်များအပေါ် အမေရိကန်၏ ထပ်လောင်းအခွန်စည်းကြပ်မှု၂၆ ရာခိုင်နှုန်းကို အလုံးစုံကင်းလွတ်ခွင့်ပြုရန်ကြိုးပမ်းနေသကဲ့သို့ ၎င်း၏အရေးကြီးသော ကဏ္ဍများကို ခွဲတမ်း(ကိုတာစနစ်) သို့မဟုတ် အနိမ့်ဆုံးသွင်းကုန်စျေးနှုန်းတို့ဖြင့် အကာအကွယ်ပေးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရက် ၉၀ ကြာအကောက်ခွန်ခေတ္တဆိုင်းငံ့ထားမှုကို အခွင့်ကောင်းယူပြီး ယခုနှစ်နှောင်းပိုင်းတွင်အပြီးသတ်မည့် နှစ်နိုင်ငံကုန်သွယ်မှုသဘောတူညီချက်(BTA)ပထမအဆင့်မတိုင်မီ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကိုရှာဖွေဖော်ဆောင်လျက်ရှိကြောင်း၊  အိန္ဒိယအတွက် ထပ်ဆောင်းအကောက်ခွန် ၂၆% နှင့် ၁၀% အခြေခံအခွန်အခများမှာ မဖြစ်သင့်သဖြင့် ကြိုးစားညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။

အိန္ဒိယသည် ယခင်က ၎င်း၏ကုန်သွယ်မှုသဘောတူညီချက်များတွင် နို့ထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးကုန်စည်များကို အကာအကွယ်ပေးထားသည်။

ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး Piyush Goyal သည် အဆိုပြုထားသော သဘောတူညီချက်အား ဆွေးနွေးရန် အမေရိကန်သို့ရောက်ရှိနေကြောင်း၊ ၎င်းသည် ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer နှင့်ကုန်သွယ်ရေးအတွင်းဝန် Howard Lutnick တို့နှင့်တွေ့ဆုံခဲ့ပြီး ၎င်းတို့နှင့်ထပ်မံတွေ့ဆုံမှုများပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်း၊ နှစ်ဖက်ညှိနှိုင်းရေးမှူးများအကြား ဆွေးနွေးမှုများအပြီးတွင် ဝန်ကြီးအဆင့်အစည်းအဝေးကို မေလ ၂၂ ရက်အထိဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဆွေးနွေးပွဲများထပ်မံပြုလုပ်ခြင်းဖြစ်နိုင်ခြေနှင့်ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများက ဖြစ်နိုင်သမျှမြန်မြန်အပြီးသတ်ရန် ကြိုးစားနေကြသည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် အဓိကကိစ္စရပ်များမှာ အိန္ဒိယသည် ၎င်း၏အထည်အလိပ်နှင့်သားရေကဲ့သို့သော လုပ်သားအင်အားများစွာအသုံးပြုရသည့်ကဏ္ဍများအတွက် အကောက်ခွန်သက်သာခွင့်ရရှိရန် ရှာဖွေလျက်ရှိခြင်း၊ လက်ရှိတွင်အမေရိကန်အစိုးရသည် အထူးအခွင့်အရေးပေးနိုင်ငံ(MFN)နှုန်းထားထက် လျော့နည်း၍ အခွန် စည်းကြပ်ရန် လွှတ်တော်၏ခွင့်ပြုချက်လိုအပ်သော်လည်း အပြန်အလှန်အခွန် စည်းကြပ်မှုများကို ဖယ်ရှားရန် အခွင့်အာဏာရှိခြင်း၊ အမေရိကန်သည် အိန္ဒိယအပေါ် ထပ်လောင်းအကောက်ခွန် ၂၆ ရာခိုင်နှုန်းကို ဇူလိုင် ၉ ရက်အထိဆိုင်းငံ့ထားသော်လည်း နိုင်ငံများအပေါ် ချမှတ်ထားသောအခြေခံအကောက်ခွန် ၁၀ ရာခိုင်နှုန်းသည် ဆက်လက်တည်ရှိနေခြင်း၊ စျေးကွက်ဝင်ရောက်ခွင့် ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပင်ရင်းဒေသစည်းမျဉ်းများနှင့် အကောက်ခွန်နှင့်သက်ဆိုင်ခြင်းမရှိသည့် စီမံခန့်ခွဲမှုများကို အဓိကဆွေးနွေးညှိနှိုင်းရန် လိုအပ်ခြင်း၊ အကောက်ခွန်ကိစ္စရပ်အပြင် အမေရိကန်က အိန္ဒိယနိုင်ငံအား သွင်းကုန်အတားအဆီးများ၊ စံချိန်စံညွှန်းများနှင့် တီထွင်မှုမူပိုင်ခွင့်များအပါအဝင် သွင်းကုန်အတားအဆီးများနှင့်ပတ်သက်သောကိစ္စရပ်များကို ဖြေရှင်းစေလိုခြင်း၊နှစ်ဖက်ကုန်သွယ်မှုသည် ၂၀၃၀ ခုနှစ်တွင် ဒေါ်လာ ၅၀၀ ဘီလီယံအထိ နှစ်ဆတိုးရန်ရည်မှန်းဆောင်ရွက်လျက်ရှိခြင်း၊ အမေရိကန်က စက်မှုထုတ်ကုန်ပစ္စည်းများ၊ လျှပ်စစ်ကားများအပါအဝင် မော်တော်ယာဉ်များ၊ ဝိုင်၊ ရေနံဓာတုဗေဒပစ္စည်းထုတ်ကုန်များ၊ နို့ထွက်ပစ္စည်း၊ပန်းသီး၊အစေ့အဆန် များနှင့် မျိုးရိုးဗီဇပြုပြင်ထားသောသီးနှံများအပါအဝင် လယ်ယာစိုက်ပျိုးကဏ္ဍများတွင် အိန္ဒိယဘက်မှ အခွန်လျှော့ပေါ့ပေးစေလိုခြင်းကိစ္စရပ်များ ပါဝင်ကြောင်း သိရှိရသည်။

Source: India seeks full exemption from US’ 26% reciprocal tariffs in interim trade pact, The Economic Times, 22 May, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News