အိန္ဒိယစိုက်ပျိုးမွေးမြူရေးဝန်ကြီး Shivraj Singh Chouhan က အိန္ဒိယသည် ၂၀၄၇ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်ကဏ္ဍများတွင် နှစ်စဉ်တိုးတက်မှုနှုန်း ငါးရာခိုင်နှုန်းလိုအပ်သည်ဟု အင်္ဂါနေ့တွင်ပြောကြားခဲ့ကြောင်းသိရှိရသည်။ ဝန်ကြီးက လယ်ယာမြေ၏ ၉၃ ရာခိုင်နှုန်းတွင် ကောက်ပဲ သီးနှံကိုစိုက်ပျိုးသော်လည်း တိုးတက်မှုနှုန်းမှာ ၁.၅ ရာခိုင်နှုန်းသာရှိကြောင်းနှင့် နိုင်ငံတော်၏ကောက်ပဲသီးနှံပျမ်းမျှအထွက်နှုန်းနှင့် အမှန်တကယ်အထွက်နှုန်းကြား ကွာဟမှုကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးအဖွဲ့အစည်းအသီးသီးသည် ဤကြိုးပမ်းမှုတွင် အဓိကကျသောအခန်းကဏ္ဍမှပါဝင်ကြောင်းနှင့် နှစ်စဉ်တိုးတက်မှုနှုန်း ငါးရာခိုင်နှုန်းရှိနိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။
ဝန်ကြီးက သုတေသနလုပ်ငန်းသည် စိုက်ပျိုးရေးထုတ်လုပ်မှုကိုတိုးမြှင့်ရန်နှင့် ကုန်ကျစရိတ်များလျှော့ချရာတွင် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ မိမိတို့၏ ရည်မှန်းချက်မှာ နှစ်စဉ်စိုက်ပျိုးရေးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းကိုထိန်းသိမ်းထားရန်ဖြစ်ပါကြောင်း၊ သုတေသနအဖွဲ့အစည်းများအားလုံးသည် ရည်မှန်းချက်များအောင်မြင်စေရန် ဦးတည်ချက်တူညီစွာဖြင့် လုပ်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စိုက်ပျိုးမွေးမြူရေးနှင့်ဆက်စပ်ကဏ္ဍများမှ အိန္ဒိယနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁ ထရီလီယံဒေါ်လာရရှိရန်လိုအပ်ကြောင်း ဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် မွေးမြူရေးကဏ္ဍတွင် လက်ရှိတင်ပို့မှု ၆ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် လိုအပ်ကြောင်း ဝန်ကြီးက အလေးအနက်ပြောကြားခဲ့ပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လက်ရှိတွင် စိုက်ပျိုးရေး GDP ၏ ၀.၄ ရာခိုင်နှုန်းအား ဆန်းသစ်တီထွင်မှုနှင့် သုတေသနလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း၊ ယင်းကို တစ်ရာခိုင်နှုန်းအထိ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးက ခေတ်မီမျိုးကောင်းမျိုးသန့်များ(Germ Plasm)ကို ပိုမိုကောင်းမွန်စွာအသုံးချရန်လည်း တောင်းဆိုခဲ့ပြီး လတ်တလောတွင် Germ Plasm(၄.၅)သိန်းရှိပြီး ၎င်းတို့အနက် ၅ ရာခိုင်နှုန်းကို အသုံးပြုလျက်ရှိသဖြင့် ယင်းကိုမြှင့်တင်ဆောင်ရွက်နိုင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အနှစ်ချုပ်အားဖြင့် ဝန်ကြီးက စိုက်ပျိုးရေးအဖွဲ့အစည်းများနှင့်ဆွေးနွေးညှိနှိုင်း၍ ကာလတို၊ ကာလလတ်နှင့် ရေရှည်စီမံကိန်းများကို ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: Need 5 % annual growth in agriculture for India to become developed nation by 2047: Shivraj Singh Chouhan, The Economic Times, May 16, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)