International News

ဂျာမနီတွင် ၂၀၂၅ ခုနှစ်၌ စီးပွား‌ရေးတိုးတက်မှုနှုန်းသုညဖြစ်နေခြင်းကို Trump ၏ အခွန်စည်းကြပ်မှုများကြောင့်ဟု အပြစ်တင်

Last Updated:

အမေရိကန်သမ္မတ Donald Trump ၏ကုန်သွယ်ရေးမူဝါဒများ အကျိုးသက်ရောက်မှုကြောင့် ဂျာမနီအစိုးရသည် ၎င်းတို့၏စီးပွားရေးတိုးတက် မှုနှုန်းခန့်မှန်းချက်ကို သုညသို့ လျှော့ချလိုက်ကြောင်း သိရှိရပါသည်။

Donald Trump ၏ ကုန်သွယ်ရေးမူဝါဒနှင့် ယင်းကုန်သွယ်ရေးမူဝါဒ၏ အကျိုးအဆက်များသည် ဂျာမနီနိုင်ငံအပေါ် များစွာသက်ရောက်မှုရှိခဲ့ကြောင်း အစိုးရအဖွဲ့မှ မကြာမီတာဝန်ထမ်းဆောင်မှုပြီးဆုံးမည့်  စီးပွား ရေးဝန်ကြီး Mr. Robert Habeck က ၂၄-၄-၂၀၂၅ ရက်တွင် ပြောကြားခဲ့ပါသည်။

ဥရောပ၏အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီနိုင်ငံတွင် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များ၌ နှစ်နှစ်ဆက်တိုက် စီးပွားရေးကျဆင်းခဲ့ပြီးနောက် ယခုအချိန်၌လည်း သက်သာရာရစေမည့်မျှော်လင့်ချက် အနည်းငယ်သာရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ဂျာမန်စီးပွားရေးသည် ၂၀၂၃ ခုနှစ် တွင် ၀.၃ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၀.၂ ရာခိုင်နှုန်းကျုံ့သွားခဲ့ပြီးဖြစ်ပါသည်။

ဥရောပသမဂ္ဂအနေဖြင့် ၎င်း၏နယ်ပယ်အတွင်းမှ အမေရိကန်သို့တင်ပို့မည့်ကုန်ပစ္စည်းများအပေါ်တွင် ၂၀ ရာခိုင်နှုန်းအခွန်ထပ်မံစည်းကြပ်မည့်ကိစ္စကို ရှောင်ရှားပေးရန် အမေရိကန်အစိုးရနှင့်  ညှိနှိုင်းလျက်ရှိကြောင်း သိရှိရပါသည်။

အမေရိကန်သည် ဂျာမနီ၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး Trump ၏အခွန်စည်းကြပ်မှုသည် အခြားသောနိုင်ငံများထက် ဂျာမနီနိုင်ငံ၏ စီးပွားရေးကို ပိုမိုထိခိုက်စေကြောင်း၊ အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒသည် ပို့ကုန်တင်ပို့မှုအပေါ် အလေးထားသော ဂျာမန်စီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက်မှုများရှိခဲ့ကြောင်း Mr. Habeck က ပြောကြားခဲ့ပါသည်။

အမေရိကန်မှ သွင်းကုန်အားလုံးအပေါ်  စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းနှင့် မော်တော်ကားများ၊ အလူမီနီယံနှင့် သံမဏိတို့အပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည့်ကိစ္စသည်  ဂျာမနီနိုင်ငံ၏ အဓိကကျသော ပို့ကုန်ကဏ္ဍများဖြစ်ကြသည့် မော်တော်ကားနှင့် ဆေးဝါးလုပ်ငန်းများကို ပြင်းထန်စွာထိပါးစေခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျာမနီ၏ ကြီးမားသော ကုန်သွယ်ဖက်များဖြစ်ကြသည့် တရုတ်နှင့် အမေရိကန်နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ရုရှားတို့သည် ဂျာမနီအပေါ် စီးပွားရေးဆိုင်ရာ အခက်အခဲများဖြစ်စေခဲ့သည်ဟု Mr. Habeck ကပြောကြားခဲ့ပါသည်။

သို့သော်လည်း Mr. Habeck နှင့် ဂျာမနီအစိုးရ၏ ကြိုတင်ခန့်မှန်းချက် သည် ဂျာမန်ဗဟိုဘဏ်၏ ခန့်မှန်းချက်ထက် ပို၍အပြုသဘောဆောင်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင်ကျင်းပခဲ့သော  ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့၏ Spring Meetings တွင် Bundesbank ၏ဥက္ကဌဖြစ်သော Mr. Joachim Nagel က စီးပွားရေးသည် အကောင်းဆုံးအခြေအနေတွင် ရပ်တန့်နေခဲ့ခြင်းဖြစ်ကြောင်းနှင့် မသေချာမရေရာသည့် ကာလမပြီးဆုံးသေးသည့်အတွက် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးအနည်းငယ် ဆုတ်ယုတ်ကျဆင်းနိုင်သည့်ကိစ္စအပေါ် ၎င်းအနေဖြင့် မငြင်းဆိုနိုင်ပါဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များအတွင်း ကြုံတွေ့ခဲ့ရသော ကိုရိုနာဗိုင်းရပ်ကူးစက်မှုကိုထိန်းချုပ်ရန်ဆောင်ရွက်ခဲ့ရသည့်အစီအမံများနှင့် ယင်း၏နောက်တွင် ဖြစ်ပေါ်လာခဲ့သော  ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့မှုတို့ကြောင့် ငွေကြေးဖောင်းပွမှုမှာ မြင့်တက်လာခဲ့ပြီး ဂျာမနီ၏စီးပွားရေးသည် အကျပ်အတည်းတွင် နစ်မွန်းနေခဲ့ရကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ် မေလအစောပိုင်းတွင် အာဏာရလာမည့် ရှေးရိုးစွဲဝါဒီ Mr. Friedrich Merz ၏ လက်ထက်တွင် ယူရိုဘီလီယံရာချီတန်ဖိုးရှိသော အသုံးစရိတ်အစီအစဉ်အသစ်တစ်ခု အကောင်အထည်ဖော်မည့်ကိစ္စသည် ဂျာမန်စီးပွားရေးကို ပြန်လည်ရှင်သန်အောင်ပြုလုပ်ပေးနိုင်လိမ့် မည်ဟု မျှော်လင့်ရကြောင်း Mr. Habeck က ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။

Source:         https://www.dw.com/en/germany-sees-zero-growth-in-2025-blames-trump-tariffs/a-72338707

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News