International News

အိန္ဒိယနိုင်ငံတွင် အဓိကစားသုံးသော ပဲမျိုးစုံအပေါ် ကုန်လက်ကျန်ဆိုင်ရာ ကန့်သတ်ချက်ကို ဇွန်လ ၂၁ ရက်နေ့တွင် ချမှတ်ခဲ့ပြီး၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကျုံးဝင်မည်ဟု သိရ

Last Updated:

အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနက အဓိကစားသုံးသောပဲမျိုးစုံအပေါ် ကုန်လက်ကျန်ဆိုင်ရာကန့်သတ်ချက်ကို ယခုလ ၂၁ ရက်နေ့တွင်ချမှတ်ခဲ့ပြီး၊ ၎င်းအား ချက်ခြင်းအာဏာသက်ရောက်စေမည်ဟု ဖော်ပြခဲ့သည်။ အဆိုပါထုတ်ပြန်ချက်သည် လက်ကားရောင်းချသူများ၊ လက်လီရောင်းချသူများ၊ အကြီးစားလက်လီရောင်းချသူများ၊ ပဲကြိတ်ခွဲစက်များ၊ တင်သွင်းသူများအားလုံးနှင့်သက်ဆိုင်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကျုံးဝင်မည်ဟု သိရသည်။ ၎င်းသည် "ကုန်သိုလှောင်မှုနှင့် မရိုးသားသောထင်ကြေးပေးမှုများကို တားဆီးရန်" ကူညီပေးမည်ဖြစ်ပြီး စားသုံးသူများအနေဖြင့် ပဲဝယ်ယူနိုင်မှုကိုလည်း မြှင့်တင်ပေးမည်ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။

“သတ်မှတ်ထားသောစားသောက်ကုန်များအပေါ် လိုင်စင်လိုအပ်ချက်များ၊ ကုန်စည်လက်ကျန်နှင့် ရွှေ့ပြောင်းမှုဆိုင်ရာကန့်သတ်ချက်များအား ဖယ်ရှားခြင်း(ပြင်ဆင်ချက်)အမိန့် ၂၀၂၄ ခုနှစ်” အား ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်မှစတင်၍ အာဏာသက်ရောက်စေရန် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း စားသုံးသူရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအမိန့်အရ၊ပဲစင်းငုံနှင့် ကုလားပဲ(ကာဘူလီကုလားပဲအပါအဝင်)-လက်ကားရောင်းချသူများအတွက် တန်ချိန် ၂၀၀၊ လက်လီအရောင်းဆိုင်ကွင်းဆက်၏ လက်လီဆိုင်တစ်ခုချင်းစီအပါအဝင် လက်လီရောင်းချသူများအတွက် ၅ တန်သတ်မှတ်ထားသည်။ သို့သော်လည်း အကြီးစားလက်လီရောင်းချသူများအတွက် ဒိုင်တွင် အများဆုံးတန်ချိန် ၂၀၀ အထိသာထားရှိရမည်ဖြစ်သည်။ ပဲကြိတ်ခွဲစက်များအတွက် အမြင့်ဆုံးကုန်လက်ကျန်ပမာဏကန့်သတ်ချက်သည် နောက်ဆုံးသုံးလအတွင်း ထုတ်လုပ်မှုပမာဏ သို့မဟုတ် နှစ်စဉ်ထုတ်လုပ်နိုင်မှု၏ ၂၅ ရာခိုင်နှုန်းနှင့် ညီမျှ သောပမာဏဖြစ်ကြောင်း သိရသည်။

သွင်းကုန်လုပ်ငန်းများအနေဖြင့် ပြည်ပမှတင်သွင်းသည့် ပဲစင်းငုံနှင့် ကုလားပဲလက်ကျန်များကို အကောက်ခွန်ရှင်းလင်းပြီးသည့်နေ့မှစ၍ ၄၅ ရက်ထက်ကျော်လွန်၍ လက်ဝယ်ထိန်းသိမ်းမထားရန် ညွှန်ကြားထားသည်။ အဆိုပါထုတ်ပြန်ထားသော ကုန်စည်လက်ကျန်ကန့်သတ်ချက်အမိန့်ကို လိုက်နာရန်လိုအပ်ပြီး သက်ဆိုင်ရာကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့သိုလှောင်ထားရှိသော ကုန်လက်ကျန်ပမာဏသည် သတ်မှတ်ထားသည်ထက် ပိုမိုများပြားနေပါက ဇူလိုင်လ ၁၂ ရက်နေ့နောက်ဆုံးထား၍ သတ်မှတ်ကုန်လက်ကျန်ပမာဏအောက်သို့ လျှော့ချရန်လိုအပ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

“ပဲစင်းငုံနဲ့ ကုလားပဲအပေါ် ကုန်လက်ကျန်ပမာဏကန့်သတ်ချက်သတ်မှတ်တာဟာ မရှိမဖြစ်ကုန်စည်တွေရဲ့ဈေးနှုန်းတွေကို ထိန်းသိမ်းဖို့ အစိုးရမှ လုပ်ဆောင်သည့် အစီအမံတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်လက်ကျန်ထုတ်ဖော်မှုပေါ်တယ်မှတစ်ဆင့် ပဲမျိုးစုံကုန်လက်ကျန်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါသည်”ဟု အဆိုပါတရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့ဌာနအနေဖြင့် ကုန်လက်ကျန်အခြေအနေကို သတ်မှတ်သည့်အတိုင်း အဖွဲ့အစည်းအားလုံးမှ မဖြစ်မနေထုတ်ဖော်ရန်ကိစ္စကို ပြဋ္ဌာန်းသတ်မှတ်ပေးရန် ဧပြီလပထမပတ်တွင် ပြည်နယ်များရှိ သက်ဆိုင်ရာဌာနများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။ ကုန်လက်ကျန်များအား မှန်ကန်စွာထုတ်ဖော်ရန်နှင့် စားသုံးသူများအတွက် ပဲမျိုးစုံဝယ်ယူရန်တတ်နိုင်မှုအား ထိန်းသိမ်းနိုင်စေရန်၊ တွန်းအားပေးရန်နှင့် အာရုံစူးစိုက်မှုရရှိစေရန် ကုန်သည်များ၊ လက်လီရောင်းချသူများ၊ တင်သွင်းသူများ၊ ပဲကြိတ်ခွဲစက်များ၊ လက်လီရောင်းချသူများနှင့် သီးသန့်တွေ့ဆုံပွဲများကို ပြုလုပ်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရသည် ယခုနှစ် မေလတွင် ကုလားပဲ၏သွင်းကုန်ခွန် ၆၆ ရာခိုင်နှုန်းကို အလျင်ဦးစွာပယ်ဖျက်ခဲ့ပြီးနောက် ပြည်တွင်း၌ ပဲမျိုးစုံရရှိမှု ပိုမိုများပြားလာခဲ့ကြောင်းသိရသည်။ “အကောက်ခွန်လျှော့ချတာက သွင်းကုန်တွေကို ပိုမိုချောမွေ့လွယ်ကူစေပြီး ကုလားပဲအဓိကထုတ်လုပ်တဲ့ နိုင်ငံတွေမှာ ၎င်းပဲမျိုးကို စိုက်ပျိုးမှု ပိုများလာစေပါတယ်။” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစီရင်ခံစာတစ်ခုအရ သြစတြေးလျနိုင်ငံ၏ ကုလားပဲထုတ်လုပ်မှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅ သိန်းမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၁ သိန်းအထိ တိုးမြင့်လာဖွယ်ရှိသည်ဟုခန့်မှန်းထားကြောင်းနှင့် အောက်တို ဘာလမှစတင်၍ အဆိုပါပဲများ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာဖွယ်ရှိကြောင်း၊ ထို့အပြင် အရှေ့အာဖရိကနိုင်ငံများမှ ယခုနှစ် ပဲစင်းငုံတင်သွင်းမှုသည် သြဂုတ်လမှစတင်၍ ရောက်ရှိလာဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဌာနအနေဖြင့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို အနိမ့်ဆုံးပံ့ပိုးစျေးနှုန်း(MSP)ဖြင့် ဝယ်ယူသွားရန် ကတိပြုထားကြောင်း စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ယခုလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဆောင်ရွက်ချက်သည် ၂၀၂၇ ခုနှစ်တွင် နိုင်ငံတွင်း ပဲမျိုးစုံထုတ်လုပ်မှုဖူလုံရန် ရည်ရွယ်သည်။

ဝန်ကြီး Chouhan မှ ပြည်နယ်စိုက်ပျိုးရေးဝန်ကြီးများနှင့် အွန်လိုင်းမှတွေ့ဆုံပွဲအား သဘာပတိအဖြစ် ဆောင်ရွက်စဉ် တောင်သူလယ်သမားများမှတ်ပုံတင်ခြင်းအတွက် သမဝါယမ Nafed နှင့် NCCF တို့မှတစ်ဆင့် e-Samridhi ပေါ်တယ်ကို စတင်မိတ်ဆက်ခဲ့ကြောင်း အလေးပေးပြောကြားခဲ့သည်။ ၎င်းပေါ်တယ်တွင် လယ်သမားများအား စာရင်းသွင်းရန်နှင့် အာမခံချက်ရှိသော အစိုးရမှဝယ်ယူမှုကို ရရှိနိုင်စေရန် တိုက်တွန်းအားပေးဖို့ ပြည်နယ်များကို တိုက်တွန်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ပဲမျိုးစုံတင်သွင်းမှုအပေါ် မှီခိုအားထားမှုကို ၃၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ကာ ပြည်တွင်း၌ ပဲတီစိမ်းနှင့် ကုလားပဲဖူလုံမှုကို ရရှိခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စံပြပဲမျိုးစုံကျေးရွာသစ်အစီအစဉ်(New Model Pulses Village scheme)ကို လက်ရှိ ခါရစ်(မိုး)ရာသီမှ စတင်ဖော်ဆောင်မည်ဖြစ်ပြီး၊စပါးရိတ်သိမ်းပြီးပါက ပလပ်မြေများကိုပြန်လည်အသုံးချကာ ပဲမျိုးစုံကို အဓိကထားစိုက်ပျိုး သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံကုန်လက်ကျန်ဆိုင်ရာကန့်သတ်ချက်ကို ယခုလ ၂၁ ရက်နေ့တွင် ချမှတ်ခဲ့ပြီး၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အာဏာတည်မည်ဖြစ်ပြီး ပြည်တွင်း၌ ပဲမျိုးစုံရရှိမှု ဖူလုံစေရန်နှင့် စားသုံးသူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ရည်ညွှန်း။          The Hindu Businessline, Govt imposes stock limit on tur and chana until Sept 30, June 21, 2024   

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News