International News

သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် Entegris ကုမ္ပဏီနှင့် နည်းပညာမြင့် Chip ထုတ်လုပ်ရန် ပဏာမ သဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့

Last Updated:

သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် နည်းပညာမြင့် Chip ထုတ်လုပ်ဖြန့်ဖြူးသည့်ကုမ္ပဏီ Entegris နှင့်  ပဏာမသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ၂၆-၆-၂၀၂၄ ရက်၌ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရသိရှိရပါသည်။ ယင်းသဘော တူညီချက်အရ အမေရိကန် နိုင်ငံ၏ CHIPS and Science Act အောက်တွင် ကုမ္ပဏီအား အမေရိကန်ဒေါ်လာ (၇၅) သန်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီကအဆိုပြုသည့်ရင်းနှီး မြှုပ်နှံမှုတွင် နိုင်ငံအတွင်း၌ အဓိကအရေးပါသည့် Semiconductor ထောက်ပံ့ရေးကွင်းဆက်နှင့် နည်းပညာမြင့် Chip ထုတ်လုပ်မှုများပါဝင်ပြီး စီမံကိန်း သည် အမေရိကန်နိုင်ငံတွင် တိုက်ရိုက်အလုပ်အကိုင်ပေါင်း (၆၀၀) ကျော်နှင့် စီမံကိန်းဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ် အကိုင်ပေါင်း (၅၀၀) ကျော်ကို ခန့်ထားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရ Entegris ကုမ္ပဏီအနေဖြင့် ကော်လိုရာဒိုပြည်နယ်ရှိ Colorado Springs မြို့တွင် ၎င်း၏ အကြီးမားဆုံး ကုန်ထုတ်လုပ်မှုစင်တာကို တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းစင်တာကို အဆင့်နှစ်ဆင့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် Entegris ကုမ္ပဏီ၏ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး (R&D) လုပ်ငန်းများကို ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ၌ လုပ်ကိုင်သွားရန် ကတိကဝတ်ပြုထားကြောင်း၊ Entegris ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများဆောင်ရွက်ရာတွင် Microchip Technology Inc. ၊ Pikes Peak College ၊ Pikes Peak Business နှင့် Education Alliance တို့အပါအဝင် ဒေသတွင်းရှိ  တက္တသိုလ်များ၊ ကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အဆိုပြုစီမံကိန်းတွင်ခန့်ထားမည့် ဝန်ထမ်းအားလုံး၏ (၅၀) ရာခိုင်နှုန်းကို တပ်မတော်မှအငြိမ်း စားဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများကို ခန့်ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Entegris ကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ် မှု (၄၂) ရာခိုင်နှုန်းအထိ လျှော့ချသွားရန် ရည်မှန်းထားကာ ရေအသုံးပြုမှုနှင့်ပတ်သက်၍ အသုံး ပြုပြီးရေ (၈၀) ရာခိုင်နှုန်းကို ပြန်လည်သန့်စင်၍အသုံးပြု (Recycle) သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

 

 

 (ခင်ဆွေဦး၊ စီးပွားရေးသံမှူး)

Category: International News