အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏အခွန်များသည် သံမဏိသုံးစွဲမှုကျဆင်းလာလျက်ရှိသော ထိုင်းသံမဏိဈေးကွက်ကို တိုက်ခိုက်ရန်ဖြစ်နိုင်ကြောင်း EAF Long Product Steel Producers Asso-ciation ၏ပြောကြားချက်အရ သိရှိရပါသည်။
နိုင်ငံများစွာမှ သွင်းကုန်များအပေါ် အပြန်အလှန်အခွန်ကောက်ခံခြင်းသည် သံမဏိဝယ်လိုအားကို ကျဆင်းမှုနှင့် ဈေးနှုန်းအတက်အကျကို ဖြစ်စေသော ဆုတ်ယုတ်မှုကို ဖြစ်စေနိုင်ကြောင်း၊ ယခုနှစ် နှစ်ကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည့် အမေရိကန်၏အခွန်တိုးမြှင့်ကောက်ခံမှု ရပ်ဆိုင်းထားချက်ပြီးနောက် ကမ္ဘာ့စီးပွားရေးကို အသင်းအနေဖြင့် စောင့်ကြည့်လျက်ရှိကြောင်း၊ အခွန်မူဝါဒနှင့် ကုန်သွယ်ရေးပဋိပက္ခပြင်းထန်လာမှုကြောင့် မသေချာမှုများနှင့်ဆုံးရှုံးမှုအန္တရာယ်များကို စိုးရိမ် လျက်ရှိကြောင်း၊ယင်းအခြေအနေများကြောင့် ထိုင်း GDP နှင့် နိုင်ငံတွင်း နှင့် ကမ္ဘာ့ဈေးကွက်ရှိ သံမဏိသုံးစွဲမှုအပေါ် သက်ရောက်နိုင်ကြောင်း၊ ထိုင်းဗဟိုဘဏ်ငွေကြေးမူဝါဒကော်မတီက ကုန်သွယ်ရေးရလဒ်များကို အခြေခံ၍ စီးပွားရေးတိုးတက်မှုလျာထားချက်များစွာကို ချမှတ်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးတင်းမာမှုပြင်းထန်ပြီး အမေရိကန်အခွန်သိသိသာသာမြင့်တက်သွားပါက တိုးတက်မှုသည် ၁.၃ ရာခိုင်နှုန်းဖြင့် နှေးကွေးနိုင်ကြောင်း အသင်းဥက္ကဋ္ဌ Mr. Chaichalerm Bunyanuwat က သုံးသပ်ပြောကြားခဲ့သည်။
စီးပွားရေးကျဆင်းမှုသည် တရုတ်မှ သံမဏိသွင်းကုန်များကြောင့် ရုန်းကန်နေရသော ထိုင်းသံမဏိစက်မှုကဏ္ဍကို အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် ကုန်သွယ်ရေးပဋိပက္ခရလဒ်အဖြစ် တရုတ်သည် သံမဏိထုတ်ကုန်များကို အရှေ့တောင်အာရှသို့ ပိုမိုတင်ပို့လာနိုင်ကြောင်း၊အခြားနိုင်ငံများကလည်း အရှေ့တောင်အာရှဒေသတွင်းသို့ သံမဏိများစွာရောင်းချလာနိုင်ကြောင်း၊ ယခုနှစ် ပထမ ၂ လအတွင်း တရုတ်သည် အရှေ့တောင်အာရှသို့ သံမဏိတန်ချိန် ၁၆.၉ သန်းတင်ပို့ခဲ့ပြီး ၅.၂ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပါကြောင်း၊ယခင်နှစ်က ထိုင်းပြည်တွင်းသံမဏိသုံးစွဲအားသည် တန်ချိန် ၁၆ သန်းရှိခဲ့ပါကြောင်း၊ သံမဏိ ၆၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးတွင်သုံးစွဲရန် ပြည်တွင်းတွင် ရောင်းချခဲ့ပြီး မော်တော်ကားထုတ်လုပ်မှုအတွက် ၃၀ ရာခိုင်နှုန်းနှင့် အခြားသုံးစွဲမှုအတွက် ၁၀ ရာ ခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)