ထိုင်းနိုင်ငံသည် ဒူးရင်းသီးထွက်နှုန်းအမြင့်ဆုံးရာသီတွင် ဒူးရင်းသီးပို့ကုန်များ အဆင်ပြေချောမွေ့စေရေးအတွက် Basic Yellow 2(BY2) စစ်ဆေးမှုများကို ဆောင်ရွက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဝန်ကြီး Dr. Narumon Pinyosinwat က ပြောကြားချက်အရ သိရှိရပါသည်။
လတ်ဆတ်ဒူးရင်းသီးများကို တရုတ်သို့ မတင်ပို့မီ BY2 စစ်ဆေးရန် ထိုင်းနိုင်ငံ၌ အသိအမှတ်ပြုဓာတ်ခွဲခန်း ၉ ခုကို အပြည့်အဝပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ဓာတ်ခွဲခန်း ၁၀ ခုတွင် Chachoengsao ရှိ Central Laboratory (Thailand)Co., Ltd. တစ်ခုသာ တရုတ်အစိုးရ၏ ပြန်လည်အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ ဒူးရင်းသီးများတင်ပို့မှုလုပ်ငန်းစဉ်များအဆင်ပြေချောမွေ့စေရန် ဝန်ကြီးဌာနအနေ ဖြင့် တရုတ် General Administration of Customs of the People's Republic of China(GACC)နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းတို့တွင် ဓာတ်ခွဲခန်းမှတ်ပုံတင်ခြင်း၊ နည်းပညာဆိုင်ရာ သုံးသပ်ခြင်းနှင့် ပို့ကုန်အတွက် ဝန်ထမ်းထောက်ပံ့ပေးခြင်းတို့ဖြစ် ကြောင်း၊ အရေးတကြီးတောင်းဆိုချက်အရ တရုတ်သည် သက်ဆိုင်ရာနယ်စပ်စစ်ဆေးရေးဂိတ်များကို ရက်သတ္တပတ် ၇ရက်လုံး၏ ၁ ရက်တွင် ၂၄ နာရီလည်ပတ်ရန် ညွှန်ကြားခဲ့ပါကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ပစ္စည်းအမျိုးအစားခွဲခြင်းနှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများအား အရှိန်မြှင့်တင်ခြင်းကဲ့သို့သော အခြားသော လွယ်ကူချောမွေ့စေမည့် အစီအမံများကို ရှာဖွေနေပါကြောင်း၊ ယင်းဆောင်ရွက်ချက်များသည် ထိုင်းဒူးရင်းများကို တရုတ်သို့ချောချောမွေ့မွေ့တင်ပို့နိုင်ရန်ဖြစ်ကြောင်း၊ GACC နှင့် တရုတ်အစိုးရ၏ထိုင်းပို့ကုန်များအပေါ် ဦးစားပေးခြင်း၊ စစ်ဆေးရေးဂိတ်အချိန်များတိုးမြှင့်ပေးခြင်းနှင့် စစ်ဆေးမှုစွမ်းရည်များတိုးမြှင့်ပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
Source: National News Bureau of Thailand (NNT)
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)