International News

ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံမှ မွေးမြူရေးသွင်းကုန်များကို ကန့်သတ်ခဲ့

Last Updated:

ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံ၌ ဖြစ်ပွားနေသည့် ကူးစက်ရောဂါပိုးတစ်မျိုး(Anthrax)ကို ကာကွယ်ရန် ထိုင်းနိုင်ငံမှ မွေးမြူရေးနှင့် တိရစ္ဆာန်နှင့်ဆက်စပ်သည့် ထုတ်ကုန်များတင်သွင်းမှုကို ယာယီပိတ်ပင်ထားကြောင်း တရုတ်ဆင်ဟွာသတင်းအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ကမ္ဘော့ဒီးယားစိုက်ပျိုးရေး၊ သစ်တောနှင့် ငါးမွေးမြူရေးလုပ်ငန်းဝန်ကြီး ဌာနက ထိုင်းနိုင်ငံဒေသများရှိ ကူးစက်ရောဂါပိုးတစ်မျိုး(Anthrax) ဖြစ်ပွားမှုကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ ကမ္ဘောဒီးယားတွင် လက်ရှိတွင် မဖြစ်ပွားသေးသော်လည်း ကြိုတင်ကာကွယ်သည့်အနေ ဖြင့် ထိုင်းနယ်စပ်ဂိတ်အားလုံးမှ မွေးမြူရေးနှင့် တိရစ္ဆာန်ထွက်ကုန်စည်များတင်သွင်းမှုကို ယာယီပိတ်ပင်ထားပါကြောင်း၊ နယ်စပ်ဖြတ်ကျော်လာမှုတွင် ပိတ်ပင်ထားရန် နိုင်ငံအဆင့်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မည်မျှထိရှည်ကြာနိုင်သည်ကို မသိရှိသေးပါကြောင်း၊  အလားတူပင် လာအိုသည်လည်း ထိုင်းနိုင်ငံမှ ဝက်သား၊ အမဲ သား၊ ဆိတ်သားနှင့် မြင်းသားများတင်သွင်းမှုကို မေလ ၅ ရက်နေ့မှစ၍ ပိတ်ပင်ထားခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံမှ ယန္တရားများအားလုံးသည် လာအိုအတွင်းမဝင်ရောက်မီ ပိုးသတ်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံတွင် ရောဂါနှင့်ထိတွေ့ခံရသူ ၆၃၆ ဦးသည် ၇ ရက်ကြာ စစ်ဆေးမှုပြီးစီးသွားပြီး ဆေးကုသမှုခံယူပြီးဖြစ်ရာ ပုံမှန်အခြေအနေတွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားစဉ်တွင် ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးမှာ ဆေးရုံသို့ တက်ရောက်ကုသမှုခံယူခဲ့ရသောကြောင့် စိုးရိမ်မှုမြင့်တက်ခဲ့ပြီး ပြည်သူများသည် အမဲသားစားသုံးရန် ကြောက်ရွံ့နေပါကြောင်း၊ အသားများကိုစားသုံးရန် စိတ်ချရသည့်အခြေအနေမှာ အပူ ချိန် ၁၂၀ ဒီဂရီဆဲလ်စီးယပ်ဖြင့် ချက်ပြုတ်ခြင်း သို့မဟုတ် ပိုးမွှားကို သေစေနိုင်ရန် မိနစ် ၃၀ ကြာချက်ပြုတ်ရန်ဖြစ်ကြောင်း မုဒဟန်ပြည်နယ်ပြည်သူ့ကျန်းမာရေးရုံး အကြီးအကဲ Dr. Narong Chankaew က ပြောကြားခဲ့သည်။

ရောဂါကူးစက်ခံရသူနှင့် ထိတွေ့ခြင်းမှ အရေပြားမှတစ်ဆင့်ကူးစက်ခြင်း သို့မဟုတ် မသန့်ရှင်းသော အသားများစားသုံးခြင်းမှလည်း ကူးစက်နိုင်ကြောင်း၊ အဆိုပါပိုးမွှားကို ကျွဲ၊ နွား၊ ဆိတ်နှင့် သိုးတို့တွင် တွေ့ရတတ်ပြီး ယခုဖြစ်ပွားမှုသည် အမဲသားမှဖြစ်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News