International News

အစိမ်းရောင်စီးပွားရေးအပါအဝင် ကဏ္ဍစုံတွင် ဂျပန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်သွားမည်

Last Updated:

ဂျပန်ဝန်ကြီးချုပ်ဖူမီအိုခီရှိဒနှင့် တရုတ်ဝန်ကြီးချုပ်လီချန်းတို့အကြား ဂျပန်-တရုတ် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ၂၆-၅-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွမ်းအင်အရင်းအမြစ်များထိန်းသိမ်းရေး စသည့်အစိမ်းရောင်စီးပွားရေးအပါအဝင် ကဏ္ဍစုံတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှုနှင့်သူနာပြုလုပ်ငန်းများနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ၊ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ အမဲသားတင်ပို့မှုကို ပြန်လည်ခွင့်ပြုပေးရန်နှင့် ဂျပန်ဆန်ချောကို တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး၊ နှစ်ဖက်အဆင်ပြေသည့်အချိန်တွင် Japan-China High-Level Economic Dialogue ကို ပြုလုပ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်သွားကြရန်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တတိယနိုင်ငံ၏ဈေးကွက်အတွင်း၌လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် တရားဝင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်မှုကို တွန်းအားပေးသည့် စီးပွားရေးဝန်းကျင်ဖော်ဆောင်နိုင်ရေး၏အရေးပါမှုကို နှစ်ဖက်ခေါင်းဆောင်များအကြား ထပ်လောင်းအတည်ပြုခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသို့ ကာလတိုအလည်သွားရောက်မည့် ဂျပန်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့် ပြန်လည်ခွင့်ပြုပေးရန်အတွက်လည်းကောင်း၊ ဂျပန်နိုင်ငံ၏ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုကို တရုတ်နိုင်ငံမှ ပိတ်ပင်ထားမှုအား ချက်ချင်းပြန်လည်ရုတ်သိမ်းပေးရန်အတွက်လည်းကောင်း ဂျပန်ဝန်ကြီးချုပ်က တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု၊ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာဘဏ္ဍာငွေများ ပေးအပ်ရေးကိစ္စများတွင် နှစ်ဖက်ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် Japan-China High-Level People-to-People and Cultural Exchange Dialogue ကို ကျင်းပခြင်းဖြင့် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်၊ လွှတ်တော်၊ နိုင်ငံရေးပါတီနှင့် ဒေသများအကြား အချင်းချင်းဖလှယ်သွားလာမှုများမြှင့်တင်ရန်နှင့် အနာဂတ်ခေါင်းဆောင် များဖြစ်သည့် လူငယ်များအကြားလည်း ဖလှယ်သွားလာမှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရများမှ ပံ့ပိုးသွားကြရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

Source: Ministry of Foreign Affairs Japan (26-5-2024)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News