အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Kevin Warsh သည် ဗဟိုဘဏ်၏ အတွေ့အကြုံရင့်စီးပွားရေးပညာရှင်နှစ်ဦးကို အကြံပေးအဖြစ်ခန့်အပ်ခဲ့ကြောင်းနှင့် ၎င်းတို့မှာ ဗဟိုဘဏ် ၏သုတေသနနှင့်စာရင်းအင်းဌာနခွဲ၏ ဒုတိယညွှန်ကြားရေးမှူးသုံးဦးအနက်မှ တစ်ဦးဖြစ်သူ Daniel Covitz နှင့် ငွေကြေးရေးရာဌာနခွဲ၏ အကြီးတန်းတွဲဖက်ညွှန်ကြားရေးမှူး Eric Engstrom တို့ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးစလုံးသည် ဗဟိုဘဏ်ဥက္ကဋ္ဌက ပြုပြင်ပြောင်းလဲရန်ရည်ရွယ်ထားသည့် အဖွဲ့အစည်း၏လုပ်ငန်းဆောင်ရွက်ပုံများကို ကောင်းစွာနားလည်သည့် ဗဟိုဘဏ်တွင် နှစ်ရှည်လများတာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း The Wall Street Journal ၏ အွန်လိုင်းသတင်းတွင် ဖော်ပြချက်အရ သိရှိရပါသည်။
ယခုအကြံပေးပုဂ္ဂိုလ်ခန့်အပ်မှုသည် Kevin Warsh အနေ ဖြင့် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပြီးခဲ့သည့်မေလတွင် စတင်တာဝန်ယူပြီးနောက် ပထမဆုံးဆောင်ရွက်ချက်များအနက်မှ တစ်ခုဖြစ်ကြောင်း၊ ယခင်ဗဟိုဘဏ်ဥက္ကဋ္ဌများအနေဖြင့်လည်း ၎င်းတို့တာဝန်ယူပြီးမကြာမီအချိန်အတွင်း လက်ရှိဝန်ထမ်းများအနက်မှ အကြံပေးပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) နှစ်ဦးကို ရွေးချယ်ခန့်အပ်တာဝန်ပေးအပ်လေ့ရှိကြောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌအနေဖြင့် ဗဟိုဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်ဆန်းစစ်ရန် အထူးအဖွဲ့(၅) ခုဖွဲ့စည်းဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ပြီး၊ အဆိုပါအဖွဲ့များကို ပြင်ပမှကျွမ်းကျင်သူများဖြင့် ဖွဲ့စည်း၍ ဗဟိုဘဏ်မှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်မည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
ဗဟိုဘဏ်ဥက္ကဋ္ဌ Kevin Warsh သည် အမေရိကန်ဗဟိုဘဏ်၏ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိတာဝန်ထမ်းဆောင်စဉ်အတွင်း ယခုအကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်ခံခဲ့ရသည့် Covitz သည် Warsh ၏မိန့်ခွန်းအများအပြားတွင် ပံ့ပိုးပေးသူအဖြစ် ကိုးကားဖော်ပြခံခဲ့ရကြောင်း၊Covitz သည် ဗဟိုဘဏ်တွင် အနှစ်သုံးဆယ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး၎င်း၏သုတေသနများတွင် ဘဏ္ဍာ ရေးတည်ငြိမ်မှုနှင့် ငွေကြေးအရင်းအနှီးဈေးကွက်များဆိုင်ရာ အကြောင်းအရာများစွာပါဝင်ခဲ့ကြောင်း၊ အခြားအကြံပေးတစ်ဦးဖြစ်သည့် Engstrom သည် ငွေကြေးမူဝါဒနှင့်ငွေကြေးဈေးကွက်ဆန်းစစ်ချက်များဆောင်ရွက်ရာတွင် ကျွမ်းကျင်သူဖြစ်ကြောင်း၊ စီးပွားရေးပညာရှင်နှစ်ဦးအနေ ဖြင့် ယခုနှစ်ဖေဖော်ဝါရီလကလည်း သုတေသနစာတမ်းတစ်စောင်ကိုပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
Source: The Wall Street Journal
(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)