International News

အမေရိကန်နိုင်ငံသည် အီရန်နိုင်ငံအပေါ် ရေနံကုန်သွယ်မှုနှင့်စပ်လျဉ်းသည့် အရေးယူပိတ်ဆို့မှုများဖြေလျှော့ပေးသည့် ခွင့်ပြုချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်နှင့်အီရန်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေစဉ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဇွန် ၂၂ ရက်တွင် အီရန်ရေနံပိတ်ဆို့မှုများကို ဆယ်စုနှစ်လေးခုကျော်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ရုပ်သိမ်းကာ ဒေါ်လာဖြင့် ရေနံကုန်သွယ်ခွင့်ပြုသည့် ခွင့်ပြု ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါခွင့်ပြုချက်ပါအချက်များကို အောက်ပါအတိုင်းကောက်နုတ်ဖော်ပြအပ်ပါသည်-

(က)  အီရန်နိုင်ငံမှ ထုတ်လုပ်သည့် ရေနံစိမ်း၊ ရေနံဓာတုပစ္စည်းများ (သို့မဟုတ်) ရေနံ ထွက်ကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း (သို့မဟုတ်) သင်္ဘောမှချခြင်းတို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်အထိ ခွင့်ပြုကြောင်း၊

(ခ)    အဆိုပါခွင့်ပြုချက်တွင် သင်္ဘောများဘေးကင်းစွာ ဆိုက်ကပ်ခြင်းနှင့် ကျောက်ချခြင်း၊ သင်္ဘောသားများကျန်းမာရေးနှင့် ဘေးကင်းရေး၊အရေးပေါ်ပြုပြင်မှုနှင့်သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ သင်္ဘောစီမံခန့်ခွဲမှုစသည့် ဆက်စပ်လုပ်ငန်းများလည်း အကျုံးဝင်ကြောင်း၊

(ဂ)    ဤခွင့်ပြုချက်အရ  အီရန်နိုင်ငံမှထုတ်လုပ်သည့် ရေနံစိမ်း၊ ရေနံဓာတုပစ္စည်းများ (သို့မဟုတ်) ရေနံထွက်ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ တင်သွင်းခွင့်ရှိသော်လည်း ယင်းတင်သွင်းမှုသည် ဤလိုင်စင်ဖြင့် ခွင့်ပြုထားသော ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း (သို့မဟုတ်) သင်္ဘောခြင်းတို့အတွက် သာမန်အားဖြင့် ဆက်စပ်၍ လိုအပ်သော အခြေအနေမျိုးတွင်သာဖြစ်ကြောင်း၊

(ဃ)  အထက်အပိုဒ်(က)အရ ခွင့်ပြုထားသောကိစ္စရပ်များအတွက် အမေရိကန်ဒေါ်လာငွေကြေးဖြင့် အသုံးပြုဆောင်ရွက်နိုင်ကြောင်း၊

(င)    ဤအထွေထွေလိုင်စင်တွင် အောက်ပါတို့အကျုံးမဝင်ကြောင်း-

(၁)  မြောက်ကိုရီးယား၊ ကျူးဘား၊ အမိန့်အမှတ် ၁၄၀၆၅ အရ သတ်မှတ်ထားသော ယူကရိန်း၏ အကျုံးဝင်ဒေသများနှင့် အမိန့်အမှတ် ၁၃၆၈၅ အရ သတ်မှတ်ထားသော ခရိုင်းမီးယားဒေသ (သို့မဟုတ်) ယင်းတို့၏ပိုင်ဆိုင်မှု၊ ထိန်းချုပ်မှု (သို့မဟုတ်) ဖက်စပ်လုပ်ငန်းတွင်ပါဝင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို သက်ဆိုင်သည့်ကိစ္စရပ်များ၊

(၂)  ဤအထွေထွေလိုင်စင်တွင် ရည်ညွှန်းမထားသည့် အခြားသော သမ္မတအမိန့် (သို့မဟုတ်) 31 CFR Chapter V(Code of Federal Regulation အတွဲ ၃၁၊ အခန်း ၅) ပါစည်းမျဉ်းများဖြင့် တားမြစ်ထားသည့်ကိစ္စရပ်များ။

အဆိုပါခွင့်ပြုချက်သည် အီရန်နိုင်ငံမှ ရေနံစိမ်း၊ ရေနံဓာတုပစ္စည်းများနှင့် ရေနံထွက်ကုန်ပစ္စည်းများကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်အထိ (ရက်ပေါင်း ၆၀) အမေရိကန်ဒေါ်လာဖြင့် ထုတ်လုပ်ရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ပါရှန်ပင်လယ်ကွေ့တွင် သောင်တင်နေသည့် အီရန်ရေနံ စိမ်းစည်ပေါင်း ၆၇ သန်းခန့်ကို ထုတ်ယူရောင်းချစေနိုင်မည်ဖြစ် ကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အရေးယူပိတ်ဆို့မှုများရုပ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် အီရန်နိုင်ငံအနေဖြင့် ၎င်း၏ စစ်အင်အားကို ပြန်လည်တည်ဆောက်ရန်ထက် အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို အီရန်ကပိုမိုဝယ်ယူရန်အတွက်သာရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်-အီရန်နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေသည်နှင့်အမျှ အီရန်၏ရေနံစိမ်းတင်ပို့မှုမြင့်တက်ခဲ့ကာ ရေနံစိမ်းစည်ပေါင်း ၆.၇၉ သန်းတင်ပို့နိုင်ခဲ့ပြီး နှစ်လတာကာလအတွင်း အမြင့်ဆုံးတင်ပို့နိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News