International News

ပဲတီစိမ်းနှင့် နေကြာစေ့ကို အနိမ့်ဆုံးပံ့ပိုးဈေးနှုန်း MSP ဖြင့် ဝယ်ယူရန် အိန္ဒိယအစိုးရအတည်ပြု

Last Updated:

အိန္ဒိယနိုင်ငံတွင် စျေးနှုန်းပံ့ပိုးမှုအစီအစဉ်အရ ပဲတီစိမ်းနှင့် နေကြာစေ့များကဲ့သို့သော ခါရစ်(မိုးရာသီ)သီးနှံများဝယ်ယူခြင်းကို Karnataka ပြည်နယ်တွင် စတင်ရန်စီစဉ်ထားပြီး ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံကို ဝယ်ယူရန် ဗဟိုအစိုးရမှ အတည်ပြုပေးခဲ့ကြောင်း သိရသည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ခါရစ်ရာသီအတွက် Karnataka ပြည်နယ်မှ ပဲတီစိမ်းကို အများဆုံး ၂၂၂၁၅ တန်ဝယ်ယူရေးအတွက် စျေးနှုန်းပံ့ပိုးမှုအစီအစဉ်(Price support scheme-PSS)ကိုအကောင်အထည်ဖော်ရန် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက သြဂုတ်လ ၂၂ ရက်တွင် ခွင့်ပြုချက်ပေးခဲ့ကြောင်း The Hindu Businessline သတင်း ဌာနက ယခုလ ၂၇ ရက်က ဖော်ပြသည်။

ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ခါရစ်ရာသီအတွက် ပဲတီစိမ်းကို ၁ ကွင်တယ်(၁၀၀ ကီလို ဂရမ်)လျှင် အနိမ့်ဆုံးပံ့ပိုးစျေးနှုန်း(MSP)ရူပီး ၈၆၈၂ သတ်မှတ်ဝယ်ယူသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် အနိမ့်ဆုံးပံ့ပိုးမှုစျေးနှုန်း(MSP)ရူပီး ၇၂၈၀ ဖြင့် နေကြာစေ့ ၁၃၂၁၀ တန်ကိုဝယ်ယူရန်လည်း အတည်ပြုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ပဲတီစိမ်းအဓိကစိုက်ပျိုးရာဒေသဖြစ်သော Karnataka ပြည်နယ်မြောက်ပိုင်းတွင် သီးနှံအသစ်များသည် စျေးကွက်သို့ ဝင်ရောက်လာမှုကြောင့် ပဲတီးစိမ်းစျေးနှုန်းများ MSP အဆင့်အောက်သို့ ကျဆင်းလျက်ရှိသည့်အတွက် တောင်သူများအကြား စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည်။ လွန်ခဲ့သောတစ်ပတ်ခန့်က ဈေးကွက်အသီးသီး၌ ဖြစ်ပေါ်လျက်ရှိသော ပဲတီစိမ်း၏ပျှမ်းမျှဈေးနှုန်းများမှာ ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၅၉၀၀ မှ ၆၆၀၀ အတွင်းရှိပြီး MSP အောက်သို့ ကျဆင်းလျက်ရှိကြောင်း သိရသည်။

ယင်းသို့ အစိုးရမှ ဝယ်ယူရန် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပဲတီစိမ်းဈေးနှုန်း သိသိသာသာမြင့်တက်လာသည်ကို တွေ့ရသည်။ ယခုလ ၂၆ ရက်နေ့က ဒေသတွင်းအကြီးဆုံး ပဲတီစိမ်းစျေးကွက်ဖြစ်သော Gadag APMC ရှိ ပဲတီးစိမ်းရည်ညွှန်းစျေးနှုန်းသည် ၁ ကွင်တယ်လျှင် ရူပီး ၇၁၃၂ သို့မြင့်တက်ခဲ့ပြီး၊သြဂုတ်လ ၂၃ ရက်နေ့နှင့် ၂၀ ရက်နေ့တို့က ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများဖြစ်သည့် ရူပီး ၆၂၉၃ နှင့် ရူပီး ၆၆၁၇ တို့နှင့်နှိုင်းယှဉ်ကြည့်လျှင် သိသိသာသာမြင့်တက်လာခဲ့သည်။ Gadag ဈေးကွက်သို့ ပဲတီစိမ်းများ ပျမ်းမျှတန်ချိန် ၁၀၀၀ မှ ၁၅၀၀ အထိ နေ့စဉ်ဝင်ရောက်လာလျက်ရှိကြောင်း သိရသည်။

ပဲတီစိမ်းစိုက်ပျိုးထွက်ရှိမှုသည် (၆၀)ရက် သို့မဟုတ် အချိန် ၂ လခန့်သာကြာမြင့်သည့်အတွက် ခါရစ်(မိုး)သီးနှံများကြားတွင် အစောဆုံးရိတ်သိမ်းရသည့်လုပ်ငန်းဖြစ်သည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ယခုနှစ် သြဂုတ်လ ၁၆ ရက်နေ့အထိ ခါရစ်(မိုးရာသီ)တွင် နိုင်ငံတစ်ဝှမ်း၌ ပဲတီစိမ်းစိုက်ဧရိယာ ဟက်တာ ၃၃ ဒသမ ၂၄ သိန်းခန့်စိုက်ပျိုးပြီး၊ ယခင်နှစ် ကာလတူက ဟက်တာ ၃၀ ဒသမ ၂၆ သိန်းသာစိုက်ပျိုးခဲ့သည့်အတွက် တိုးတက်လာခဲ့ကြောင်း သိရသည်။

ခါရစ်ရာသီတွင် Karnataka ပြည်နယ်နှင့် Maharashtra ပြည်နယ်တို့ပြီးလျှင် Rajasthan ပြည်နယ်သည် ပဲတီစိမ်းအများဆုံးထုတ်လုပ်သော ပြည်နယ်တစ်ခုဖြစ်သည်။ ၎င်းပြည်နယ်တွင် လွန်ခဲ့သောနှစ်က ပဲတီစိမ်းစိုက်ပျိုးဧရိယာ ဟက်တာ ၂၀ ဒသမ ၅၃ သိန်းသာရှိခဲ့ရာမှ ယခုနှစ် ခါရစ် ရာသီ ဩဂုတ်လ ၁၆ ရက်နေ့အထိ ဟက်တာ ၂၂ ဒသမ ၀၅ သိန်းစိုက်ပျိုးထားရှိကြောင်း သိရသည်။ Karnataka ပြည်နယ်တွင် လွန်ခဲ့သောနှစ်က ပဲတီစိမ်းစိုက်ပျိုးဧရိယာ ဟက်တာ ၁ ဒသမ ၇၃ သိန်းကျော် ရှိခဲ့ပြီး၊ ယခုနှစ်တွင် ဟက်တာ ၄ ဒသမ ၃၅ သိန်းစိုက်ပျိုးထားရှိသည့်အတွက် နှစ်ဆကျော် တိုးလာခဲ့သည်။ လွန်ခဲ့သည့်နှစ်က Karnataka ရှိ ပဲတီစိမ်းစိုက်ပျိုးသောဒေသများ၌ မိုးခေါင်ရေရှားမှု အခြေအနေများကြုံတွေ့ခဲ့ရသည့်အတွက် ပဲတီးစိမ်းစိုက်ပျိုးထွက်ရှိမှုအပေါ် များစွာထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။ Maharasthra ပြည်နယ်တွင်လည်း ပဲတီစိမ်းစိုက်ဧကသည် လွန်ခဲ့သောတစ်နှစ်က ဟက်တာ ၁ ဒသမ ၇၃ သိန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ဟက်တာ ၂ ဒသမ ၃ သိန်းသို့ တိုးတက်လာသည်ကို တွေ့ရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ခါရစ်(မိုးရာသီ)သီးနှံများဖြစ်သော ပဲတီစိမ်းနှင့်နေကြာစေ့တို့ကို အစိုးရမှ အနိမ့်ဆုံးပံ့ပိုးဈေးနှုန်း(MSP)ဖြင့်ဝယ်ယူပေးမည်ဟု အတည်ပြုထုတ်ပြန်ခဲ့သည့်အတွက် ပြည်တွင်းပဲတီစိမ်းဈေးနှုန်းများ အတက်ဘက်သို့ ပြသလျက်ရှိပါသည်။ ထို့အပြင် အဓိကပဲတီစိမ်းစိုက်ပျိုးရာ Karnataka ပြည်နယ်၊ Maharashtra ပြည်နယ်နှင့် Rajasthan ပြည်နယ်တို့တွင် ပဲတီစိမ်းစိုက်ဧရိယာများ ယခင်နှစ်ကထက် တိုးတက်လာကြောင်း တွေ့ရှိရပါသည်။

ရည်ညွှန်း။          The Hindu Businessline, Karnataka: Centre approves procurement of moong, sunflower seeds at MSP, August 27, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News