International News

အိန္ဒိယ၏ ယခုနှစ်ပထမနှစ်ဝက်တွင် အမေရိကန်သည် ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်လာပြီး တရုတ်နှင့် ကုန်သွယ်မှုလိုငွေမှာမူ စံချိန်တင်မြင့်တက်လျက်ရှိ

Last Updated:

အမေရိကန်နိုင်ငံသည် ယခုနှစ်ဇန်နဝါရီမှဇွန်လအတွင်း အိန္ဒိယ၏ထိပ်တန်းကုန်သွယ်ဖက်ဖြစ်လာခဲ့ပြီး ယင်းကာလအတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေမှာ အမြင့်ဆုံးဒေါ်လာ ၄၁.၆ ဘီလီယံအထိ စံချိန်တင်ခဲ့ကြောင်း Think Tank Global Trade Research Initiative (GTRI) က သောကြာနေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယသည် နိုင်ငံပေါင်း ၂၃၉ နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး ယင်းအနက် နိုင်ငံပေါင်း ၁၂၆ နိုင်ငံမှာ ပို့ကုန်တွင် အပြုသဘောဆောင်သော တိုးတက်မှုရှိခဲ့ကြောင်းနှင့် ရုရှားနိုင်ငံမှ တင်သွင်းမှုမှာ ဒေါ်လာ ၃၀.၈ ဘီလီယံမှ ၃၄.၄ ဘီလီယံအထိ၊ ၁၁.၆၅ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သိရှိရသည်။

သံသတ္တုရိုင်း၊ ဆေးဝါးများ၊ အဖိုးတန်ကျောက်မျက်ရတနာများ၊ ဘာစမာတီဆန်၊ ဓာတုပစ္စည်းများနှင့် စမတ်ဖုန်းများကဲ့သို့ကဏ္ဍများမှဦးဆောင်ကာ နိုင်ငံ၏ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဒေါ်လာ ၂၃၀.၅၁ ဘီလီယံအထိရရှိခဲ့ပြီး ၅.၄၁ % မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ပို့ကုန်တိုးမြင့်လာသော အဓိကနိုင်ငံများမှာ အမေရိကန်၊ ယူအေအီး၊ နယ်သာလန်၊ စင်ကာပူနှင့် တရုတ်တို့ဖြစ်ကြောင်း၊ သို့ရာတွင် အီတလီ၊ ဘယ်လ်ဂျီယံ၊ နီပေါနှင့် ဟောင်ကောင်နိုင်ငံများသို့ ကုန်တင်ပို့မှုများ သိသိသာသာကျဆင်းမှုများနှင့်အတူ နိုင်ငံပေါင်း ၉၈ နိုင်ငံသို့ တင်ပို့မှုကျဆင်းခဲ့ပြီး  အိန္ဒိယနိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ၂၄.၆ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း သိရှိရသည်။  

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံသည် သွင်းကုန်အများဆုံးတင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး သွင်းကုန်ပမာဏမှာအမေရိကန်ဒေါ်လာ ၄၆.၂ ဘီလီယံမှ ၅၀.၁ ဘီလီယံအထိ တိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယသည် ကုန်ပစ္စည်းအရည်အသွေးနှင့် ထောက်ပံ့ရေးကွင်းဆက်ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ရန်ဆက်လက်အာရုံ စိုက်သင့်ကြောင်း၊ နိုင်ငံကြီးတိုင်းသည် မိမိ၏ပြည်တွင်းထုတ်လုပ်မှုကိုသာ အာရုံစိုက်ကြသည်ဖြစ်ရာ အိန္ဒိယသည် ၎င်း၏မူဝါဒနယ်ပယ်များ၌ အထူးသဖြင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များနှင့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်များဆိုင်ရာ ကိစ္စရပ်အသစ်များတွင် လက်လွှတ်ဆုံးရှုံးနစ်နာမှုများမရှိစေရေး ဂရုစိုက်သင့်ကြောင်း GTRI တည်ထောင်သူ Ajay Srivastava ပြောကြားခဲ့သည်။

အိန္ဒိယသည် ဝန်ဆောင်မှုကဏ္ဍတွင် ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁၇၈.၂ ဘီလီယံထိ  ၆.၉ ရာခိုင်နှုန်းတိုးမြင့်ခဲ့ပြီး သွင်းကုန်မှာ ဒေါ်လာ ၉၅ ဘီလီယံအထိ ၅.၇၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းလည်း  သိရှိရပါသည်။

Source: US India’s top trade partner in first half of the year; max deficit with China,  The Economic Times, 24 August 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News