International News

အိန္ဒိယသည် သကြားအတွက် အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းနှင့် အီသနောထုတ်လုပ်မှု မူဝါဒများကို မကြာမီဆုံးဖြတ်မည်

Last Updated:

အိန္ဒိယသည် အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်း(Minimum Selling Price-MSP)တိုးမြှင့်ပေးရန် သကြားစက်လုပ်ငန်းတောင်းဆိုမှုများအပေါ် လာမည့်ရက်များအတွင်းဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်းနှင့် အီသနောထုတ်လုပ်မှုဆိုင်ရာမူဝါဒကိုလည်း ရာသီသစ်မစတင်မီထုတ်ပြန်သွားမည်ဖြစ်ကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံးသကြားသုံးစွဲသူဖြစ်သည့်အိန္ဒိယနိုင်ငံ၏၂၀၂၃-၂၄ ခုနှစ်အတွက် အီသနောထုတ်လုပ်မှုတွင် သကြားအသုံးပြုမှုအား ကန့်သတ်ချက်နှင့် ပြည်တွင်းဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်ပတင်ပို့မှုတားမြစ်ချက်သည် စက်တင်ဘာ  ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

သကြားထုတ်လုပ်သည့်လုပ်ငန်းရှင်များက အစိုးရသည် မကြာသေးမီနှစ်များအတွင်း ကြံဝယ်ယူမှုစျေးနှုန်းတိုးမြှင့်ပေးရန် ပြောဆိုဆွေးနွေးနေသော်လည်း ၂၀၁၉ ခုနှစ်ကတည်းက ပြောင်းလဲမှုမရှိသဖြင့် အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်းကို တိုးမြှင့်ပေးရန် တောင်းဆိုလျက်ရှိသည်။

MSP မြှင့်တင်ပေးခြင်းဖြင့် လာမည့်အောက်တိုဘာ ၁ ရက်မှစတင်၍ ရာသီသစ်တွင် သန်းနှင့်ချီသော ကြံတောင်သူများနှင့် ဝယ်ယူရေးကိစ္စရပ်များကို အချိန်မီဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များက ပြောကြားထားသည်။

ယခုနှစ်တွင် မုတ်သုံမိုးရွာသွန်းမှုကောင်းမွန်ပြီး ကြံစိုက်ဧကများတိုးလာခြင်းကြောင့် လာမည့်ရာသီချိန်တွင် အထွက်နှုန်းတိုးတက်လာနိုင်ခြေရှိကြောင်း၊ ယင်းသည် အစိုးရ၏နောက်နှစ်အတွက် မူဝါဒများချမှတ်ရာတွင် အထောက်အကူပြုစေနိုင်စေမည်ဖြစ်ကြောင်း အစားအစာအတွင်းဝန်ဖြစ်သူ Chopra မှ ပြောကြားထားသည်။

ကြံစိုက်ဧရိယာသည် လွန်ခဲ့သည့်နှစ်က ဟက်တာ ၅.၇ သန်း(ဧက ၁၄.၁ သန်း)သာရှိရာမှ ယခုနှစ်တွင် ဟက်တာ ၅.၇၇ သန်း(ဧက ၁၄.၃ သန်း)အထိတိုးလာခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ယခုရာသီအကုန်တွင် သကြားလက်ကျန် မက်ထရစ်တန်ချိန် ၈ သန်းမှ ၈.၅ သန်းအထိ ကျန်ရှိမည်ဟုမျှော်လင့်ထားကြောင်း၊ ယင်းသည် နောက်နှစ်အတွက် ပိုမိုကောင်းမွန်သည့်မူဝါဒများ ချမှတ်နိုင်ရန် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း အီသနောထုတ်လုပ်မှုတွင် သကြားအသုံးပြုမှုကို ရည်ညွှန်းပြီး Chopra မှ ပြောကြားထားပါသည်။

Source: India set to decide soon on sugar selling price ethanol use, The Economic Times, 27 July 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News