Local News

ကျောင်းကုန်းမြို့နယ်တွင် ဒေသထွက်နာနတ်သီးများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်တွင် ဇူလိုင်လ ဒုတိယပတ်မှစ၍ နာနတ်သီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ်မှ အသီးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြ၍ သိရသည်။ ကျောင်းကုန်းမြို့နယ်တွင် ဇူလိုင်က ဒုတိယပတ်မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့ထိ ဒေသထွက်နာနတ်သီးများ အရောင်းအဝယ်‌ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသထွက် နာနတ်သီး တစ်တင်ခွဲဝင်တစ်အိတ်လျှင် ငွေကျပ် ၈၀၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

“ကျောင်းကုန်းမှာ ဒီအချိန်ကတော့ နာနတ်သီးစခူးလို့ရတဲ့အချိန်ဖြစ်ပါတယ်။ အဓိကက ရန်ကုန်ဈေးကွက်ကိုပဲ တင်ပို့နေပါတယ်။ အခုလိုအချိန်မှာ နာနတ်သီးတွေစပေါ်နေတာ့ စိုက်တဲ့သူတွေအဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ ကျောင်းကုန်းမြို့နယ်အတွင်း နာနတ်သီးပင်တွေကို မြေအောက်ရေအစိုဓာတ် များများရရှိတဲ့နေရာတွေမှာ စိုက်တာများပါတယ်။ နာနတ်သီးပင်တွေကို စိုက်ခင်းတွေအနေနဲ့လည်းကောင်း၊ ကြားသီးနှံအဖြစ်လည်းကောင်း စိုက်ပျိုးကြပါတယ်” ဟု ကျောင်းကုန်းမြို့နယ်မှ အသီးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြသည်။

ကျောင်းကုန်မြို့နယ်တွင် ဒေသခံများသည် စပါးစိုက်ပျိုးသည့်လုပ်ငန်းနှင့်ယှဉ်တွဲပြီး နာနတ်သီးပင်များကို တောင်သူတစ်ဦးလျှင် တစ်ဧကမှ ငါးဧကထိ စိုက်ပျိုးကြကြောင်း၊ အဆိုပါ ဒေသထွက် နာနတ်သီးများသည် အရည်အသွေးကောင်းမွန်ပြီး ရက်ရှည်အထားခံသည့်အတွက် တစ်ဆင့်ပြန်လည်ရောင်းချသူများနှင့် စားသုံးသူများ ကြိုက်နှစ်သက်ကြကြောင်း သိရသည်။

“နာနတ်သီးက ဒီနှစ်အထွက်နှုန်းလဲကောင်းတယ်။ ဒေသထွက်နာနတ်သီးကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကိုပါ တင်ပို့နေရပါတယ်။ နာနတ်သီးက အထွက်နှုန်းကောင်းပြီးတော့ ဈေးကလဲအရင်နှစ်ကထက်ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒေသထွက်နာနတ်သီးတွေရဲ့ အရသာကလဲကောင်းတော့ လူကြိုက်များပါတယ်” ဟု ကျောင်းကုန်းမြို့နယ်မှ နာနတ်သီးစိုက်တောင်သူ ဒေါ်ယုက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News