International News

ယူအေအီးနိုင်ငံ၊ အကောက်ခွန်အာဏာပိုင်အဖွဲ့မှ အခွန်တိမ်းရှောင်မှုများအား ပြင်းထန်စွာအရေးယူပြီး ၇.၂၆ သန်းပမာဏရှိ လိုက်နာမှုမရှိသော ကုန်ပစ္စည်းများကို သိမ်းဆည်း

Last Updated:

ယူအေအီးနိုင်ငံ၏ ဖက်ဒရယ်အခွန်အကောက်အာဏာပိုင်အဖွဲ့(FTA)သည် အခွန်မလိုက်နာမှုနှင့် အခွန်တိမ်းရှောင်မှုများကို တိုက်ဖျက်သည့်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ၎င်းတို့၏ စျေးကွက်ကြီးကြပ်ရေးလုပ်ငန်းများကို သိသိသာသာအရှိန်မြှင့်လုပ်ဆောင်ခဲ့ပါသည်။

FTA သည် ယူအေအီးနိုင်ငံရှိပြည်နယ်အားလုံးတို့တွင် ကွင်းဆင်းစစ်ဆေးမှုပေါင်း ၄၀,၅၈၀ ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလက ၁၇,၃၁၀ ကြိမ်စစ်ဆေးမှုပြုလုပ်ခဲ့သည်ထက် ၁၃၄ % တိုးတက်လာခဲ့ပါသည်။ စစ်ဆေးရေးလှုံ့ဆော်မှုအရေအတွက်မှာလည်း ၁၀၉ ကြိမ်အထိ ၄ % တိုးတက်လာခဲ့ပါသည်။

ဤသို့သောစစ်ဆေးမှုများသည် အခွန်ပြေစာများထုတ်ပေးခြင်း၊ အခွန်ပါဝင်မှုရှိသော စျေးနှုန်းများကိုပြသခြင်းနှင့် ကုန်ပစ္စည်းများအပေါ် အခွန်ပေးဆောင်ခြင်းစသည့် အခွန်ဥပဒေများကို စီးပွားရေးလုပ်ငန်းများမှ လိုက်နာမှုရှိစေရေးအပေါ် အာရုံစိုက်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

FTA ၏ ညွှန်ကြားရေးမှူးချုပ် Khalid Ali Al Bustani က စျေးကွက်ကြီးကြပ်ကွပ်ကဲမှုကို မြှင့်တင်ရန်နှင့် မှောင်ခိုထုတ်ကုန်များရောင်းချခြင်းကို တားဆီးသွားမည့်အာဏာပိုင်များ၏ ကတိကဝတ်ကို အလေးပေးပြောကြားခဲ့ပါသည်။

FTA ၏ပြင်းထန်သောကြိုးပမ်းမှုများကြောင့် ၂၀၂၄ ခုနှစ်၊ပထမနှစ်ဝက်တွင် ချိုးဖောက်မှုပေါင်း ၆,၂၁၀ ခုတွေ့ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ပထမနှစ်ဝက်တွင်  ချိုးဖောက်မှု ၁,၇၄၀ ခုတွေ့ရှိခဲ့သည်ထက် ၂၅၆ %တိုးတက်လာခဲ့ပါသည်။ အယူခံမှု အရေအတွက်မှာလည်း နှစ်ဆတိုးတက်လာခဲ့ကာ အခွန်စည်းမျဉ်းများကို ပိုမိုကောင်းမွန်စွာလိုက်နာမှုကို ညွှန်ပြလျက်ရှိပါသည်။

ထို့အပြင်အာဏာပိုင်များသည် ဆေးရွက်ကြီးနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းအထုပ်ပေါင်း ၅.၅၂ သန်းနှင့် အခြားယစ်မျိုးကုန်ပစ္စည်းအထုတ်ပေါင်း ၁.၇၄ သန်းအပါအဝင် လိုက်နာမှုမရှိသော ကုန်ပစ္စည်းပေါင်း ၇.၂၆ သန်းတို့ကို သိမ်း ဆည်းရရှိခဲ့ပါသည်။

FTA သည် စားသုံးသူအခွင့်အရေးများနှင့် ယူအေအီးနိုင်ငံစျေးကွက်၏ ခိုင်မာမှုတို့ကို အာမခံချက်ပေးရန်အတွက် စစ်ဆေးရေးလုပ်ငန်းများ၏ထိရောက်မှုကို မြှင့်တင်ရန်အတွက် ဗဟိုအစိုးရနှင့်ဒေသတွင်း အဖွဲ့အစည်းများတို့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူးဘိုင်းမြို့)

Category: International News