International News

အာရပ်ဒေသရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍမှ ဆယ်စုနှစ်နှစ်ခုအတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၆ ဘီလီယံ ဆွဲဆောင်နိုင်ခဲ့

Last Updated:

အာရပ်ဒေသရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် မေလအတွင်း နိုင်ငံတကာနှင့် အာရပ်ကုမ္ပဏီပေါင်း ၃၅၆ ခုတို့မှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၄၀၆ ဘီလီယံတန်ဖိုးရှိ စီမံကိန်းလုပ်ငန်းပေါင်း ၆၁၀ ခုကိုဆွဲဆောင်နိုင်ခဲ့ကြောင်း အာရပ်ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်လုပ်ငန်းချေးငွေအာမခံကော်ပိုရေးရှင်း(Dhaman)၏အဆိုအရ သိရှိရပါသည်။

ကူဝိတ်မြို့တွင်ထုတ်ပြန်သည့် Dhaman ၏ ၂၀၂၄ ခုနှစ်၊ ကဏ္ဍအလိုက်အစီရင်ခံစာတွင် အမေရိကန်နိုင်ငံက စီမံကိန်းလုပ်ငန်းပေါင်း ၈၅ ခုဖြင့် ထိပ်တန်းရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံအဖြစ် ရုရှားမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆၁.၅ ဘီလီယံဖြင့် ဦးဆောင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

အဆိုပါအစီရင်ခံစာတွင် အာရပ်ဒေသတွင်း ရေနံသိုလှောင်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် ရေနံစည်ပေါင်း ၇၀၄ ဘီလီယံအထိကျဆင်းသွားမည်ဖြစ်ပြီး ၎င်းမှာ ကမ္ဘာ့ထုတ်လုပ်မှုစုစုပေါင်း၏ ၄၁.၃ % ကို ကိုယ်စားပြုလျက်ရှိကာ ၂၀၃၀ ခုနှစ်တွင် ရေနံစည်ပေါင်း ၆၅၄.၅ ဘီလီယံအထိ ကျဆင်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

တွေ့ရှိထားသော အရံသဘာဝဓာတ်ငွေ့သိုက်များမှာ ၂၀၂၄ ခုနှစ်တွင် ၅၈ ထရီလီယံကုဗမီတာသို့ ရောက်ရှိသွားမည်ဟု မျှော်မှန်းထားပြီး ၂၀၃၀ ခုနှစ်တွင် ၅၃.၅၃ ထရီလီယံကုဗမီတာအထိ လျော့ကျသွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့ကျဆင်းသွားမည်ဖြစ်သော်လည်း အာရပ်နိုင်ငံများ၏ ရေနံစိမ်း၊ ဖိသိပ်ထားသောဓာတ်ငွေ့များနှင့် အခြားအရည်များထုတ်လုပ်မှုပမာဏမှာ ၆.၄ % အထိတိုးတက်လာမည်ဟု ခန့်မှန်းထားပြီး ၂၀၂၄ ခုနှစ်အတွင်း တစ်ရက်လျှင် စည်ပေါင်း ၂၈.၇ သန်းနှင့် ၂၀၃၀ ခုနှစ်တွင် တစ်ရက်လျှင် စည်ပေါင်း ၃၃ သန်းအထိရှိလာမည်ဖြစ်သည်ကို အစီရင်ခံစာတွင်ပါရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူးဘိုင်းမြို့)

Category: International News