Local News

ပဲစင်းငုံဈေးဆက်တက်နေ

Last Updated:

ယခင်သီတင်းပတ်အတွင်း ပဲစင်းငုံ ၁ တန်ဈေးနှုန်း ကျပ် ၄၄ သိန်းကျော်ရှိခဲ့ရာမှ ယခု သီတင်းပတ်အတွင်း ကျပ် ၄၆ သိန်းကျော်အထိ ဈေးမြင့်တက်လာကြောင်းသိရှိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်၏ ထုတ်ပြန်ချက်အရ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော ပဲစင်းငုံ ဈေးနှုန်းများမှာ မေလ ၅ ရက်နေ့တွင် ပဲစင်းငုံ ၁ တန် ဈေးနှုန်းကျပ် ၄၄၄၀၀၀၀ ၊ ၆ ရက်နေ့တွင် ကျပ် ၄၄၄၅၀၀၀၊ ၇ ရက်နေ့တွင် ကျပ် ၄၄၇၅၀၀၀၊ ၈ ရက်နေ့တွင် ကျပ် ၄၅၁၀၀၀၀၊ ၁၀ ရက်နေ့ တွင် ကျပ် ၄၆၁၀၀၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၄၆၂၅၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင်လည်း ယခင်နှစ်ကထက် ပဲစင်းငုံအထွက်နှုန်း တိုးလာသော်လည်း သိသာသောပြောင်းလဲမှုမဟုတ်ပဲ ပြည်တွင်းပဲစင်းငုံဈေးတက်လာသောကြောင့် စားသုံးသူများ၏ ဝယ်လိုအားကျဆင်းလျှက်ရှိကြောင်း ၊ ပဲခွဲစက်များကလည်း ကြိတ်ခွဲမှုလျှော့ချနေ ရကြောင်း သိရှိရသည်။

ပဲစင်းငုံခွဲခြမ်းဝယ်လိုအားပေါ်မူတည်၍ ပဲခွဲစက်များက ဝယ်ယူကြိတ်ခွဲခြင်းသာရှိပြီး ကုန်သည် အသိုင်းအဝိုင်းကလည်း ရွေးကောက်ပွဲကာလအပြီး ရလာဒ်အပေါ်တွင်သာ အာရုံစိုက်လျက်ရှိကြောင်း IPGA ကဆိုသည်။

လာမည့် သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲစင်းငုံဈေးနှုန်း တက်လိုက်ကျလိုက် ဖြစ်နေမည်ဟု ခန့်မှန်းပြီး၊ ပြည်တွင်းပဲစင်းငုံစိုက်ဧကအခြေအနေနှင့် အာဖရိကမှပဲစင်းငုံ တင်သွင်းမှု ကိုစောင့်ကြည့်ရန်လိုကြောင်း ဈေးကွက်စောင့်ကြည့်သူများက ဆိုသည်။

ပြည်ပမှ ပဲစင်းငုံတင်သွင်းမှုကိုလျှော့ချရန် စိုက်ဧကတိုးချဲ့စိုက်ပျိုးခြင်းအတွက် စိုက်ပျိုးရေး ဦးစီးဌာနကအစီအစဉ်များချမှတ်ဆောင်ရွက်လျှက်ရှိပြီး၊ အိန္ဒိယအစိုးရသစ်ကလည်း ပဲမျိုးစုံတင်သွင်းမှု နှင့် စားသုံးဆီတင်သွင်းမှုကိုလျှော့ချရန် စီမံချက်များရေးဆွဲလျှက်ရှိကြောင်းသိရှိရသည်။

မြန်မာဖက်တွင်လည်း လက်ရှိငွေကြေးတန်ဖိုးမတည်ငြိမ်ခြင်း၊ ဈေးနှုန်းဆက်တိုက်တက်လာ နေခြင်းတို့ကြောင့် ပဲကိုသာလက်ဝယ်ထားရှိပြီး အခြေအနေစောင့်ကြည့်လျှက်ရှိကြောင်း၊ ပြည်ပ တင်ပို့မှုကျဆင်းလျှက်ရှိကြောင်း ပဲမျိုးစုံရောင်းဝယ်ရေး ကုန်သည်များထဲမှသိရှိရပါသည်။

ဧရာကုန်သွယ်မြှင့်

Category: Local News