Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း အုန်းသီးအနု အလုံးရေ ၅၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ဒေသထွက်အုန်းသီးအနု အလုံးရေ ၅၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ အုန်းသီး‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချိုက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဧပြီလအတွင်းက အုန်းသီးအနုအလုံးရေ ၃၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလအတွင်း အုန်းသီးအနုအလုံးရေ ၅၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့‌ရောင်းချခဲ့ရသည့် အုန်းသီးအနုအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၇၈၀၀၀ ထိဈေးပေါက်နေကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်ကနေ ထွက်ရှိတဲ့ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချပါတယ်။ ရန်ကုန်ဈေးကွက်က မေလထဲမှာ အုန်းသီးအနုတွေဝယ်လိုအား ကောင်းခဲ့ပါတယ်။ မေလထဲမှာ အုန်းသီးအနုအလုံးရေအနေနဲ့ ၅၈၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ ဇွန်လထဲမှာလဲ အုန်းသီးအနုတွေ ဝယ်ယူအားကောင်းနေပါတယ်။ ဒေသထွက်အုန်းသီးအနုတွေ ဝယ်လိုအားကောင်းလာတဲ့အတွက် စိုက်ပျိုးတဲ့သူတွေအနေနဲ့ အုန်းသီးတွေကိုရင့်တဲ့ထိ စောင့်စရာမလိုဘဲ ဝင်ငွေရရှိနေပါတယ်” ဟု အုန်းသီးရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချိုက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အုန်းသီးအနုများ ပိုမိုတင်ပို့ရောင်းချနေရသည့်အတွက် အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၊ အုန်းစိုက်ပျိုး‌ရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ကုန်ထမ်းလုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အလုပ်အကိုင်ရရှိပြီး အဆင်ပြေနေကြောင်း အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချိုက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News