Local News

မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှဝင်ရောက်လာသည့် ကြက်သွန်နီများ အ‌ရောင်းအဝယ်ကောင်းမွန်နေကြောင်း မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြ၍ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ဘက်သို့ ရှမ်းပြည်နယ်ဘက်မှထွက်ရှိသည့် ကြက်သွန်နီများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ဇွန်လပထမပတ်မှ ဇွန်လ ၂၉ ရက်နေ့ထိ အ‌ရောင်းအဝယ်ကောင်းနေကြောင်း၊ ယခုလက်ရှိ  ကြက်သွန်နီပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၄၀၀၀၀၀ ထိ ဈေးရရှိနေကြောင်း သိရသည်။

“ရှမ်းပြည်နယ်ဘက်မှာ အရင်နှစ်တွေကထက် ဒီနှစ် ကြက်သွန်နီတွေ အထွက်နှုန်းနည်းနေတယ်လို့ သိရပါတယ်။ အထွက်နှုန်းနည်းနေပေမဲ့ ပုံမှန်ဝင်ရောက်နေပါတယ်။ အခြားဒေသတွေက‌နေ ဧရာဝတီတိုင်းဒေသကြီးဘက်ကို ကြက်သွန်နီတင်ပို့တာလဲ နည်းတယ်။ လက်ရှိကြက်သွန်နီဈေးကလဲ သင့်တင့်တယ်လို့ ပြောရမယ်။ လက်ရှိပိဿာချိန် တော်တော်များများအရောင်းအဝယ်ဖြစ်နေပါတယ်” ဟု မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ‌ဒေါ်ကြူကြူက ပြောပြသည်။

မအူပင်မြို့နယ်တွင် ယခုလက်ရှိ ကြက်သွန်နီပိဿာချိန် ၁၀၀၀ မှ ၁၅၀၀ ထိ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်နီများ အရောင်းအဝယ်ကောင်းနေခြင်းကြောင့် ကြက်သွန်နီစိုက်ပျိုးသူများ၊ ကုန်စည်သယ်ယူတင်ပို့သည့်လုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလျက်ရှိကြောင်း မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News