Local News

မြန်မာ့ထောပတ်သီးများကို ဒေသတွင်းနိုင်ငံများနှင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိက ရောင်းချမည်

Last Updated:

ယခုနှစ် ထောပတ်သီးရာသီချိန်တွင် ထွက်ရှိသော မြန်မာ့ထောပတ်သီးများကို ပြည်ပသို့တင်ပို့ရန် ကမ်းလှမ်းချက် များပြားနေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိက ရောင်းချမည်ဖြစ်ကြောင်း    မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

“အီးယူတို့၊  ဒူဘိုင်းတို့ဆိုလည်း မြန်မာ့ထောပတ်သီးကို   တင်သွင်းဖို့  ကမ်းလှမ်းချက်တွေ  အရမ်းများတယ်။ ဒါပေမဲ့ အရမ်းဝေးတဲ့ အတွက် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေကိုပဲ တင်ပို့မှာပါ။ နောက်ပြီး ဒီနှစ်ပြည်တွင်းမှာလည်း ထောပတ်သီးဈေးကောင်းတယ်”ဟု မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း      အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးမင်း ကပြောသည်။

ယခုနှစ် ထောပတ်သီးရာသီစတင်ချိန် တွင် ကြမ်းခင်းဈေး တစ်ကီလိုလျှင် ငွေကျပ် ၃၅၀၀ အထိရရှိပြီး  ယခင်နှစ်ကထက် ငွေ ကျပ် ၁၀၀၀ ပိုမိုရရှိကြောင်း သိရသည်။ “ဒီနှစ် ထောပတ်သီး   ကြမ်းခင်းဈေးကောင်းတော့ ရာသီပိတ်ချိန်လည်း တစ်ကီလိုကို ငွေကျပ် ၆၀၀၀၊ ၇၀၀၀ လောက်ရဖို့ မှန်းထားတယ်။ လောလောဆယ် ပြည်တွင်းဈေးကွက်က ပိုကောင်းနေတော့ ပြည်တွင်းဈေးကွက်ကိုလည်း ကြိုးစားပြီး တိုးချဲ့မယ်” ဟု ဦးကျော်စိုးမင်းက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ ထောပတ်သီး တရားဝင်တင်ပို့နိုင်ရန် သက်ဆိုင်ရာမှတစ်ဆင့် ဆွေးနွေးမှုများရှိနေပြီး တရားဝင်တင်ပို့ခွင့်ရရှိပါက တောင်သူများအတွက် အခွင့်အလမ်းကောင်းများပိုမိုရရှိနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ထောပတ်သီးကို ရှမ်းပြည် နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့တို့၌ အများဆုံးစိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News