Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် ဖရဲသီးအလုံးရေ ၃၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် ဒေသထွက် ဖရဲသီးအလုံးရေ ၃၅၀၀၀၀ တင်ပို့ရောင်းချခဲ့ရကြောင်း ပန်းတနော်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုလှိုင်က ပြောပြ၍ သိရသည်။

ပန်းတနော်မြို့နယ်တွင် ဒေသထွက်ဖရဲသီးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖရဲသီးအလုံးရေ ၂၃၅၀၀၀ ထိသာတင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လတွင် ဖရဲသီးအလုံးရေ ၃၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသထွက်ဖရဲသီးများကို ရန်ကုန်ဈေးကွက်ဝယ်လက်များက အဝယ်လိုက်နေကြောင်း သိရသည်။

“ရန်ကုန်ဈေးကွက်ကို ဖရဲသီးတင်ပို့အားက တစ်လနဲ့တစ်လမတူသလို တစ်နေ့နဲ့တစ်နေ့လဲ မတူပါဘူး။ ပိုမိုတင်ပို့ရောင်းချလာရပါတယ်။ လက်ရှိ ဒေသထွက်ဖရဲသီးတွေကို ရန်ကုန်ဈေးကွက်က အဝယ်တော်တော်လေးလိုက်နေပါတယ်”ဟု ပန်းတနော်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုလှိုင်က ပြောပြသည်။

ပန်းတနော်မြို့နယ်တွင် ဖရဲသီးကို မြေနုကျွန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ကျေးရွာ ၁၄ ရွာမှ ဒေသခံ ၁၀၄ ဦးက တစ်ဦးလျှင် တစ်ဧကမှ ငါးဧကထိ စိုက်ပျိုးထားကြောင်း၊ လက်ရှိဖရဲသီးတစ်လုံးလျှင် ငွေကျပ် ၂၀၀၀ မှ ၉၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News