Local News

အထက်မင်းလှမြို့နယ်တွင် ကွမ်းသီးဈေးနှုန်းတည်ငြိမ်ပြီး ကွမ်းရွက်ဈေးနှုန်းကျဆင်းလျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်ဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်းသိရသည်။

မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီ/ လက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်းသိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် ကွမ်းရွက်ဝါ(၁) ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၁၀၀၀၀-၁၂၀၀၀)၊ ကွမ်းသီးခြမ်း (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ် (၈၀၀၀)၊ ကွမ်းစားထုံး(၁) လီတာ (၁)ဘူးလျှင် ကျပ် (၉၀၀-၁၀၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၅၀၀-၆၀၀)၊ ဗမာဆေး(၁) ထုပ်လျှင် ကျပ်(၄၀၀-၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

အရောင်းအဝယ်အနေဖြင့် (၁) ရက်လျှင် ကွမ်းရွက်ပိဿာချိန် (၁၀) ပိဿာနှင့်အထက်ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ (၅) ပိဿာမှ (၆) ပိဿာထိပုံမှန်ရောင်းချရကြောင်း၊ ကွမ်းသီးနှင့် အခြားကွမ်းပစ္စည်း ဈေးနှုန်းများမှာ တည်ငြိမ်နေသော်လည်း ကွမ်းရွက်ဈေးနှုန်းမှာ ကွမ်းရွက်ထွက်ရှိရာဒေသများတွင် ကွမ်းရွက်များလှိုင်လှိုင်ထွက်ပေါ်နေ၍ ကွမ်းရွက်ဈေးနှုန်းမှာ ဇွန်လ(တတိယပတ်)ထက် ယခု(စတုတ္ထပတ်)တွင် ကျပ် (၂၀၀၀-၄၀၀၀) ဈေးနှုန်းလျော့ကျ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အထက်မင်းလှ-သရက် ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News