Local News

အညာမြေပဲများ လက်ကျန်နည်းလာသော်လည်း ဈေးမြင့်တက်ခြင်းမရှိ အရောင်းအဝယ်သွက်နေ

Last Updated:

အညာမြေပဲများ လက်ကျန်နည်းလာသော်လည်း စျေးမြင့်တက်ခြင်းမရှိ အရောင်း အဝယ်သွက်နေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။ ပြည်တွင်း ပဲ၊ နှမ်းဈေးကွက်မှာ ထူးခြားသည့် အရောင်းအဝယ်မျိူးမရှိသေးဘဲ လက်ရှိဈေးတန်း အတိုင်းသာ ပုံမှန်လေးအရောင်းအဝယ်ရှိနေကြောင်း၊ ငွေသား မကိုင်လိုသည့် လှောင်လက်သမားများက ဝယ်ယူနေပြီး ငွေသားကိုင် ထားလိုသူက ရောင်းချနေသည့် အရောင်းအဝယ်ပုံစံဖြစ်နေကြောင်း၊  မကြာမီ အောင်လံ၊ မကွေးဒေသများမှ မြေပဲဆန်အသစ်များ ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း ပို့ကုန်ပဲများ ဈေးငြိမ်နေသည်မှာ တစ်လကျော်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

"ပဲဈေးကွက်ကတော့ သိပ်ထူးခြားတာမျိုးမရှိပါဘူး၊၊ အရောင်းအဝယ်သွက်နေတာက မြေပဲနဲ့ နှမ်းပဲရှိပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ ပုံမှန်သာ အရောင်းအဝယ်ရှိတယ်၊၊ ကုလားပဲ ဈေးတန်းကလည်း အောက်ခံဈေးတန်းအတိုင်းပဲ ရှိပါတယ်။ ပို့ကုန်ပဲတွေလည်း ခပ်အေးအေးသာ ရှိနေသောကြောင့် အရောင်းအဝယ်သိပ်မကောင်းသေးပါဘူး။ လက်ရှိ ဈေးကွက်မှာ လှောင်လက်သမားတွေ ငွေကိုင်ထားချင်သူက ရောင်း၊ ငွေမကိုင်ထားချင်သူက ဝယ်နေတဲ့ အခြေအနေမျိုးနဲ့ အရောင်းအဝယ်ဖြစ်နေတာပါ။ ဇူလိုင်လ တစ်လလုံးကတော့ အရောင်းအဝယ် သိပ်မကောင်းခဲ့ပါဘူး။ နောက်ထပ် သီတင်းပတ်တွေမှာ အောင်လံ၊ မကွေးကနေ မြေပဲဆံအသစ်တွေ ဝင်လာစရာရှိပါတယ်။ လက်ရှိမှာ အညာမြေပဲဆန် လက်ကျန်နည်းတော့ အရောင်းသွက်နေပါ တယ်"ဟု ၎င်းက ပြောသည်။

ဩဂုတ် ၁  ရက်တွင် ပို့ကုန်  မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၁၈၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးနှုန်းအတက်အကျ အနည်းငယ်သာရှိပြီး နယ်အရောင်းအဝယ်လျော့ကျနေရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊ ကုလားပဲ  V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၂၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၄၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။          

မြေပဲဆံနှင့် နှမ်းမျိုးစုံ ဈေးမြင့်တက်ခြင်းမရှိသော်လည်း အရောင်းအဝယ်သွက်နေရာ ဩဂုတ်လ ၁ ရက်အတွက် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲပုပ် တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေ ကျပ် ၄၄၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀- ၃၄၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၈၄၀၀ ပေါက်ဈေးရှိနေပြီး  မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ ပေါက်ဈေးရှိနေသည်။

ဩဂုတ် ၁ ရက်တွင် နှမ်း မျိုးစုံပေါက်ဈေး  ဆက်လက်မြင့်တက်နေရာ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၅၅၀၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၄၅၀၀၀၊ နှမ်းဖြူ(ရိုးရိုး)တစ်အိတ်လျှင် ငွေ ကျပ် ၃၉၀၀၀၀၊ နှမ်းညိုတစ် အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ပန်းနှမ်းတစ်အိတ်လျှင် ငွေကျပ် ၂၁၅၀၀၀  အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

Source: မကွေး‌ဂျာနယ်

Category: Local News