International News

စင်ကာပူနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်(Digital Economic Cooperation Roadmap)

Last Updated:

စင်ကာပူနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်(Digital Economic Cooperation Roadmap)ပြီးစီးမှုကို ထုတ်ပြန်ကြေညာခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ Roadmap ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် Second US-Singapore Critical and Emerging Technology(CET) Dialogue အပြီးတွင် ကြေညာခဲ့ခြင်းဖြစ်ပါသည်။

Digital Economic Cooperation Roadmap တွင် ဒီဂျစ်တယ်စီးပွားရေးအတွက် သဘောတရားများ၊ ပူးပေါင်းဆောင်ရွက်မှုအတွက် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့် နယ်ပယ်များကို ချမှတ်ထားပြီး အဆိုပါ Roadmap သည် စီးပွားရေးလုပ်ငန်းများ၊ အလုပ်သမားများနှင့် လူမှုအဖွဲ့အစည်းများအတွက် အကျိုးဖြစ်ထွန်းစေရေး ဒီဂျစ်တယ်စီးပွားရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် အခြေခံအုတ်မြစ်ဖြစ်ပါသည်။

နှစ်နိုင်ငံအနေဖြင့် ကုန်သွယ်မှုနှင့် ဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုတွင် U.S-Singapore Free Trade Agreement (USSFTA)၊ U.S-Singapore Partnership for Growth and Innovation(PGI)၊ the Indo-Pacific Economic Framework for Prosperity(IPEF)၊ ASEAN Digital Ministers’ meeting နှင့် WTO Joint Statement Initiative for E-Commerce စသည့် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစင်္ကြံများမှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျှတပြီးယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ဈေးကွက်ကို မြှင့်တင်နိုင်ရေး၊ AI နည်းပညာများကို အသုံးချခြင်းနှင့် အကဲဖြတ်ဆန်းစစ်မှုတို့အတွက် မူဘောင်များချမှတ်ဆောင်ရွက်ရန်ရည်ရွယ်ထားကြောင်း၊ Smart Cities Program on AI ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တည်ထောင်ရန် ကတိကဝတ်ပြုထားကြောင်း၊ Singapore-US Third Country Training Program(TCTP)အရ AI နှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည်မြှင့်အစီအစဉ် များကို ပူးတွဲဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ Global Cross-Border Privacy Rules(CBPR) Forum တွင် ဆက်လက်ပါဝင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် ပေးချေမှုများပြုလုပ် ရာတွင် ပေးချေသူများကို ပိုမိုအကာအကွယ်ပေးနိုင်ရေးအတွက် သတင်းအချက်အလက်များနှင့် အလေ့အကျင့်ကောင်းများကို ဝေမျှသွားမည်ဖြစ်ကြောင်း၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများကို ပိုမိုရရှိစေပြီး ဒီဂျစ်တယ်အသုံးပြု၍ နိုင်ငံတကာမှ ကုန်သည်များ၊ စီးပွားရေးမိတ်ဖက်များနှင့် ချိတ်ဆက်နိုင်စေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးတွင် Paperless Trading ဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြောင်း၊ နှစ်နိုင်ငံအကြား ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များကို ရှာဖွေသွားရန် စီစဉ်ထားကြောင်း Digital Economic Cooperation Roadmap အရ သိရှိရပါသည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News