Local News

ဧရာဝတီတိုင်း‌ဒေသကြီး ဓနုဖြူမြို့နယ်တွင် မြေပဲဆန်များ ဝယ်ယူမှုများပြားနေခြင်းကြောင့် အရောင်းအဝယ်ကောင်း မွန်လျက်ရှိ

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး ဓနုဖြူမြို့နယ်တွင် မြေပဲဆန်များ ဝယ်ယူမှုများပြားနေခြင်းကြောင့် အရောင်းအဝယ်ကောင်း မွန်လျက်ရှိကြောင်း ဓနုဖြူမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးကဗျာက ပြောပြသည်။ ဓနုဖြူမြို့နယ် ပဲဈေးကွက်တွင် ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်ကစတင်ပြီး ယနေ့ထိ မြေပဲဆန်များ အရောင်းအဝယ်ကောင်းမွန်လာပြီး အဆိုပါ မြေပဲဆန်များ အရောင်းအဝယ်ကောင်းလာခြင်းသည် မြေပဲဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းများက မြေပဲဆန်များဝယ်ယူအား ကောင်းလာသည့်အတွက် ဖြစ်ကြောင်း သိရသည်။ “ဓနုဖြူမြို့နယ်ကနေ ထွက်ရှိတဲ့ မြေပဲဆန် တစ်ပိဿာကို ငွေကျပ် ၂၁၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ မြေပဲ ဆန်တွေ အဝယ်လိုက်နေတော့ တောင်သူတွေအပြင် ကုန်သည်တွေ၊ ကုန်တင်ကုန်ချ လုပ်သားတွေ၊ ကုန်တင်ယာဉ် အငှားလိုက်သူတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ အဆင်ပြေနေပါတယ်” ဟု သိရသည်။ ဓနုဖြူမြို့နယ်က စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် မြေပဲဆန်များကို ဝယ်ယူကြိတ်ခွဲပြီး မြေပဲဆီ၊ မြေပဲဆန် စသည့် ပုံစံအမျိုးမျိုး ထုတ်လုပ်ပြီး ဝယ်ယူသည့် ဒေသများကို တင်ပို့ရောင်းချလျက်ရှိကြောင်း ဓနုဖြူမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးကဗျာထံမှ သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News