Local News

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း အုန်းသီးအနု အလုံးရေ ၆၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း အုန်းသီးအနု အလုံးရေ ၆၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ် အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း အုန်းသီးအနုအလုံးရေ ၅၀၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်ထိ အုန်းသီးအနုအလုံးရေ ၆၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့ရသည့် အုန်းသီးအနုအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၈၈၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ညောင်တုန်းမြို့နယ်ကနေ ထွက်ရှိတဲ့ ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို ပဲ အဓိက တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာလဲ အုန်းသီးအနုတွေ ဝယ်ယူမှုအားကောင်းခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်က လက်ရှိမှာလဲ အုန်းသီးအနုတွေ ဝယ်ယူမှုအားကောင်းနေပါတယ်။ ပွဲရုံပိုင်ရှင်တွေက အုန်းစိုက်ပျိုးတဲ့တောင်သူတွေဆီကနေ အုန်းသီးတွေကို ဝယ်ယူပြီး ရန်ကုန်ဈေးကွက်ကို ပြန်လည်တင်ပို့ရောင်းချတာပါ” ဟု သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အုန်းသီးအနုများ ပိုမိုတင်ပို့ရောင်းချနေရသည့်အတွက် ပွဲရုံပိုင်ရှင်များ၊ အုန်းစိုက်ပျိုးသူများ၊ ကုန်ထမ်းလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေနေကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News