Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် ဓနိချပ်ရေ ၄၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် ဓနိချပ်ရေ ၄၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ်မှ ဓနိရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာခြည်က ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်သည် ဓနိထွက်သောဒေသဖြစ်ပြီး ထွက်ရှိလာသည့်ဓနိများကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလက ဓနိချပ်ရေ ၂၇၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လတွင် ဓနိချပ်ရေ ၄၅၀၀၀၀ ထိ တင်ပို့‌ရောင်းချခဲ့ရကြောင်း သိရသည်။

“ဘိုကလေးမြို့နယ် တောင်သူတွေက စပါးနဲ့ အခြားသီးနှံတွေအပြင် ဓနိကိုလဲ စိုက်ပျိုးလျက်ရှိပါတယ်။ ဓနိစိုက်ပျိုးရေးလုပ်ငန်းကတော့ ဒေသခံတွေအတွက် စီးပွားရေးလုပ်ငန်း တစ်ခုထဲမှာအပါအဝင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ ရန်ကုန်ဈေးကွက်က ဓနိဝယ်ယူမှုအားကောင်းခဲ့ပါတယ်။ ဝယ်ယူမှုအားကောင်းခဲ့တဲ့အတွက် ဒေသခံဓနိစိုက်ပျိုးရေးလုပ်ငန်းရှင်တွေနဲ့ ဓနိထိုးလုပ်သားတွေပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာပါတယ်” ဟု ဘိုကလေးမြို့နယ် ဓနိရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာခြည်က ပြောပြသည်။

ဘိုကလေးမြို့နယ်တွင် ဓနိစိုက်ပျိုးရေးလုပ်ငန်းကို ကျေးရွာ ၁၄ ရွာမှ ဒေသခံများက ဓနိများကိုအများစု စိုက်ပျိုးထားကြောင်း၊ အဆိုပါ ဓနိချပ်ရေ ၁၀၀ လျှင် ငွေကျပ် ၁၁၀၀၀ ထိဈေးပေါက်နေကြောင်း၊ ထိုသို့ ဓနိချပ်များ ဝယ်ယူမှုအားကောင်းလာခြင်းကြောင့် ဓနိစိုက်ပျိုးရေးလုပ်ငန်းများ၊ ဓနိထိုးလုပ်သားများ၊ ဓနိပွဲရုံလုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News