International News

သီရိလင်္ကာမှ လက်ဖက်ခြောက်ထုတ်လုပ်သူများက အလုပ်သမားများအား လစာတိုးမြှင့်ပေးခြင်းသည် စက်မှုလုပ်ငန်းများကို ထိခိုက်စေနိုင်သည်ဟုသတိပေး

Last Updated:

သီရိလင်္ကာကျွန်းနိုင်ငံမှ လက်ဖက်ခြောက်ထုတ်လုပ်သော လုပ်ငန်းရှင်များသည် အလုပ်သမားများအား လုပ်ခလစာ ၇၀ ရာခိုင်နှုန်းတိုးမြှင့်ပေးရန် အစိုးရ၏ ထုတ်ပြန်ခဲ့သည့် အမိန့်ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်‌နေ့ (တနင်္လာနေ့)က ရှုတ်ချခဲ့ပြီး ၎င်းတို့၏လက်ဖက်ခြောက်သည် တစ်ကမ္ဘာလုံးတွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့်အပြင် နိုင်ငံအတွက် ငွေကြေးအခက်အခဲများပေါ်ပေါက်လာစေရန် ဒေါ်လာငွေများလျော့နည်းသွားစေမည်ဟုပြောဆိုခဲ့သည်။

သီရိလင်္ကာမှထုတ်လုပ်သော စီလွန်လက်ဖက်ခြောက်သည် နာမည်ကြီးလူကြိုက်များပြီး နှစ်စဉ်နိုင်ငံအတွင်းမှထုတ်လုပ်သော လက်ဖက်ခြောက်ကီလိုသန်း၂၅၀ ၏ ၉၅ ရာခိုင်နှုန်းခန့်အား ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိသည်။ နိုင်ငံအတွင်းရှိ လက်ဖက်ခြောက်လုပ်ငန်းများတွင် အလုပ်သမားအင်အား ၆၁၅၀၀၀ ခန့်အပ်ထားရှိကာ လုပ်ငန်းများလည်ပတ်လျက်ရှိကြောင်းသိရသည်။

အစိုးရသည် အလုပ်သမားများ၏ တစ်ရက်တာလုပ်ခများအား ၁၀၀၀ ရူပီမှ ၁၇၀၀ ရူပီသို့တိုးမြှင့်ပေးရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ “ဒါဟာ တရားမျှတမှုမရှိပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ မည်သည့်တိုင်ပင်ဆွေးနွေးခြင်းမှမရှိဘဲ ချမှတ်ခဲ့တာဖြစ်ပြီး သီရိလင်္ကာရဲ့လက်ဖက်ခြောက်အရည်အသွေးကို ကျဆင်းလာစေနိုင်ပါတယ်” ဟု စီလွန်လက်ဖက်ခြောက်စိုက်ပျိုးရေးတောင်သူများအသင်းမှ ပြောရေးဆိုခွင့်ရှိသူ Roshan Rajaduria က သတင်းထောက်များအား ပြောကြားခဲ့သည်။

လာမည့်လမှစတင်၍ လစာတိုးပေးရမည်ဟု သီရီလင်္ကာအလုပ်သမားဝန်ကြီးဌာနက ၂၆ ရက်နေ့ (တနင်္ဂနွေ)တွင် ပြောကြားခဲ့ပြီး လိုက်နာရန်ငြင်းဆန်သည့် စိုက်ခင်းကုမ္ပဏီများကို အစိုးရက သိမ်းယူနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ လုပ်ခလစာတိုးမြှင့်မှုကို အကောင်အထည်ဖော်ဆောင်ရွက်ပါက စိုက်ခင်းကုမ္ပဏီများအတွက် ရူပီ ၃၅ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း အဆိုပါအသင်းက ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေးအကြပ်အတည်းများကြောင့် လူဦးရေ၏ ၄ ပုံ ၁ ပုံခန့်သည် ဆင်းရဲနွမ်းပါးလာခဲ့ပြီး ထိုပြဿနာအားဖြေရှင်းရန်အတွက် စိုက်ခင်းကုမ္ပဏီများနှင့် အလုပ်သမားသမဂ္ဂများသည် အလုပ်သမားများကိုလစာတိုးပေးရန် လအတော်ကြာညှိနှိုင်းမှုများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

Source: Channelnewsasia.com

Source: https://www.doca.gov.mm

Category: International News