မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ အစေ့ထုတ်ပြောင်းနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိရာ မြေခဲတောင်၊ ကိုင်းမကျီး၊ ပခန်း၊ မြေဖြူ၊ ဂွေးချို၊ သာစည်၊ ဆင်ချောင်း စသည့်ကျေးရွာများတွင် ဝါသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း၊ ပြည်တွင်းဖြစ် အဝတ်အထည်များ ထုတ်လုပ်နိုင်ရန်အတွက် အခြေခံလိုအပ်သည့် ချည်များ အများအပြားထွက်ရှိစေရေး ဝါသီးနှံစိုက်ပျိုးမှုကို နိုင်ငံတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရေစကြိုမြို့နယ်တွင် ဝါသီးနှံ ၃၁၃၄ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။ ဝါသီးနှံများ စိုက်ပျိုးရာတွင် သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပြီး သီးသန့်စိုက်ပျိုးခြင်းကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ဩဂုတ်လတွင် စတင်စိုက်ပျိုးကြပြီး မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါစသည့်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ဝါသီးနှံတစ်ဧကလျှင် မျိုးစေ့ ခုနှစ်ပိဿာခန့် စိုက်ပျိုးရပြီး စိုက်ပျိုးမှုအတွက် ထွန်ယက်ခ၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကတွင် ပိဿာချိန် ၂၅၀-၃၅၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဝါသီးနှံပေါ်စအချိန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ငါးသိန်းခန့်ရရှိကြောင်း သိရသည်။
စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဝါသီးနှံတစ်ပိဿာလျှင် ငွေကျပ် ၃၈၀၀-၄၅၀၀-၅၀၀၀ ဖြင့် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဝါသီးနှံများကို ပခုက္ကူနှင့် ရေစကြိုမြို့ပေါ်ရှိ ဝါသီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ဝါသီးနှံသည် စိုက်ပျိုးရန် လွယ်ကူပြီး မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာ စိုက်ပျိုးကာ မိုးကောင်းသော နှစ်များတွင် အထွက်နှုန်း ပိုမိုထွက်ရှိကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများမှာ အကိုင်းအခက်များဝေဆာ၍ အသီးအပွင့်များ စတင်ပွင့်ဖူးကာ ဖြစ်ထွန်းအောင်မြင်လျက် ရှိသောကြောင့် အထွက်နှုန်းကောင်းမွန်၍ အကျိုးအမြတ်များ ပိုမိုရရှိရန် မျှော်လင့်လျက်ရှိ ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: မြန်မာ့အလင်း