ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ် စားသောက်ကုန်ဈေးကွက်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းနေကြောင်း ပုသိမ်မြို့နယ်စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုက ပြောပြ၍ သိရသည်။ ပုသိမ်မြို့နယ်အတွင်း ရှမ်းပြည်နယ်မှ ကြက်သွန်ဖြူများဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ ပထမပတ်မှ ယနေ့ထိ တစ်ရက်လျှင် ကြက်သွန်ဖြူ ပိဿာချိန် ၁၀၀ မှ ၂၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ ကြက်သွန်ဖြူက စက်တင်ဘာလ ပထမပတ်လောက်ကတည်းက အရောင်း အဝယ်ကောင်းနေတာပါ။ လက်ရှိပုသိမ်မြို့နယ်အတွင်း ရှမ်းပြည်နယ်ဘက်က ထွက်တဲ့ကြက်သွန်ဖြူတွေ ပုံမှန်ဝင်ရောက်နေပါတယ်။ ဝင်ရောက်နေတဲ့ ကြက်သွန်ဖြူတွေက သန့်ရှင်းပြီး အရည်အသွေးကောင်းတာလဲ တွေ့ရပါတယ်။ လက်ရှိကြက်သွန်ဖြူ ပိဿာကို ငွေကျပ် ၉၅၀၀ ကနေ ၁၁၀၀၀ လောက်ထိ ပေါက်ဈေးရှိကာ ကြက်သွန်ဖြူအရောင်းအဝယ် ကောင်းနေပါတယ်” ဟု ပုသိမ်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုက ပြောပြသည်။ ပုသိမ်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးနှင့် ကြက်သွန်ဖြူပွဲရုံများသို့ တစ်ရက်လျှင် ကြက်သွန်ဖြူ ပိဿာချိန် ၁၅၀၀ မှ ၅၀၀၀ ထိ ဝင်ရောက်နေကြောင်း၊ အဆိုပါ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူများ ဈေးကောင်းရရှိလာသည့်အတွက် ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ လုပ်သားများ၊ ပွဲရုံပိုင်ရှင်များ အဆင်ပြေလျက်ရှိ ကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ