International News

ယခုနှစ်အတွင်း ဂျပန်ဈေးကွက်သို့ ထောပတ်သီးတင်ပို့နိုင်ရန် ဖိလစ်ပိုင်မျှော်လင့်

Last Updated:

ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနသည် ဂျပန်ဈေးကွက်သို့ Hass အမျိုးအစား ထောပတ်သီးများ တင်ပို့ခြင်းကို ယခုနှစ်အတွင်း စတင်နိုင်ရန် မျှော်မှန်းလျက်ရှိကြောင်း သိရှိရသည်။ ဂျပန်ဈေးကွက်သို့ Hass ထောပတ်သီးများ ဝင်ရောက်ခွင့်ပြုရန် ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ တောင်းဆိုထားရှိမှုအပေါ် မကြာသေးမီကာလ၌ ဂျပန်နိုင်ငံ သံအမတ်ကြီး Endo Kazuya နှင့် တွေ့ဆုံရာတွင် စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ထပ်လောင်း မေတ္တာရပ်ခံခဲ့သည်။ ၎င်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံထွက် ထောပတ်သီးများအား ဈေးကွက်ဝင်ရောက်ခွင့်ပြုမည့် ကြေညာချက်ကို ယခုနှစ်အတွင်း ဂျပန်နိုင်ငံဘက်မှ ထုတ်ပြန်ပေးရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင် စိုက်ပျိုး‌ရေးအတွင်းဝန် Tiu Laurel က ပြီးခဲ့သော ဒီဇင်ဘာလ၌ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ၎င်း၏ ခရီးစဉ်အတွင်း ဂျပန်ဈေးကွက်သို့ ဖိလစ်ပိုင် လတ်ဆတ်ထောပတ်သီးများ တင်သွင်းရန်အတွက် အပင်ရောဂါပိုးမွှားကင်းရှင်းမှုဆိုင်ရာ လိုအပ်ချက်များအပေါ် လုပ်ငန်းဆောင်ရွက်မည့် အစီအမံအား မူအားဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ပြည်ပသို့တင်ပို့ရန် အလားအလာ ကြီးမားမှုအရ ထောပတ်သီးသည် ဖိလစ်ပိုင် စိုက်ပျိုးရေး ဦးစီးဌာနက ပို့ကုန်မြှင့်ရေး ကြိုးပမ်းလျက်ရှိသော တန်ဖိုးမြင့်သီးနှံများတွင် တစ်ခုအပါအဝင်ဖြစ် သည်။ ယခင်နှစ်တွင် ဖိလစ်ပိုင်အစိုးရသည် တောင်ကိုရီးယားနိုင်ငံသို့ ထောပတ်သီးများ ဈေးကွက်ဝင်ရောက်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဂျပန်နိုင်ငံသည် ၂၀၂၃ ခုနှစ်၌ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၆၀ သန်းရှိသော ထောပတ်သီးများကို တင်သွင်းခဲ့ရာ ဖိလစ်ပိုင်အတွက် အလေးထားရမည့် ဈေးကွက်တစ်ခုပင်ဖြစ်သည်။

လက်ရှိကာလတွင် ဖိလစ်ပိုင်နိုင်ငံသည် တရုတ်၊ မလေးရှား၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ဘရူနိုင်း၊ ဗြိတိန်နှင့် မြောက်အိုင်ယာလန် တို့ပါဝင်သော ဈေးကွက်ဒေသ ၈ ခုသို့ ထောပတ်သီးများကို တင်ပို့လျက်ရှိသည်။ ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) ၏ အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ထောပတ်သီး တန်ချိန် ၁.၀၄ သန်းကို ပြည်ပသို့ တင်ပို့ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၌ တင်ပို့နိုင်ခဲ့သော တန်ချိန် ၁.၄၉ သန်းနှင့် နှိုင်းယှဉ်ပါက ၃၀% ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ တာဝန်ထမ်းဆောင်ရန် မကြာသေးမီကမှ စတင်ရောက်ရှိခဲ့သော ဂျပန်သံအမတ်ကြီး Endo Kazuya နှင့် ထိုကဲ့သို့ တွေ့ဆုံစဉ်အတွင်း ဂျပန်နိုင်ငံသို့ တင်ပို့နေသော ဖိလစ်ပိုင် ငှက်ပျောသီးများအပေါ် အကောက်ခွန်နှုန်း လျှော့ချပေးရေးကိစ္စနှင့် ဖိလစ်ပိုင်နိုင်ငံ၏ ကြက်ငှက်တုပ်ကွေး ဖြစ်ပေါ်မှုနှင့်စပ်လျဉ်း၍ ကြက်မွေးမြူရေးထုတ်ကုန်များ တင်သွင်းခွင့်ပြုရာ၌ တစ်နိုင်ငံလုံးအပေါ် ပိတ်ပင်မှုအစား ဒေသခွဲခြားဆောင်ရွက်ခြင်းကို ဂျပန်နိုင်ငံဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေတို့ကိုလည်း ဖိလစ်ပိုင် စိုက်ပျိုးရေးအတွင်းဝန် Tiu Laurel က အရေးဆိုဆွေးနွေးခဲ့ကြောင်း The Philippine Star သတင်းဌာနက ဖော်ပြပါသည်။

Source: The Philippine Star, 28 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News