International News

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီထွက်ရှိမှု ၂၀၂၃-၂၀၂၄ ခုနှစ်၌ ၂၀% ကျဆင်းခဲ့

Last Updated:

ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံ၏ ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံရာသီအတွင်း ကော်ဖီထွက်ရှိမှုပမာဏသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀% လျော့ကျလျက် တန်ချိန် ၁.၄၇ သန်းသာရှိကြောင်း၊ ၎င်းပမာဏသည် ၄ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ပြီး ကမ္ဘာ့ရိုဘတ်စတာကော်ဖီဈေးကွက်၌ ရောင်းလိုအားအပိုင်းအပေါ် ဖိအားများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ သက်ရောက်မှု၊ ဗီယက်နမ်နိုင်ငံ၌ ခြောက်သွေ့ရာသီသည် ပုံမှန်ထက်ဆောလျင်စွာ ဝင်ရောက်မှုနှင့် ရာသီဥတု ပူပြင်းခြောက်သွေ့သည့်ကာလ ကြာမြင့်မှုတို့က အချို့သော ပြည်နယ်များရှိ ဆည်တာတမံများတွင် ရေသိုလှောင်မှုကို လျင်မြန်စွာလျော့ကျစေခဲ့သည်။ ရာသီဥတုခြောက်သွေ့မှုက သီးနှံအထွက်အပေါ် သက်ရောက်သဖြင့် လွန်ခဲ့သော သီတင်းပတ်အတွင်း ပြည်တွင်းကော်ဖီဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းမှာ စိုးရိမ်ဖွယ်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကုန်းမြင့်ဒေသများနှင့် တောင်ပိုင်းပြည်နယ်များ၌ ကော်ဖီစေ့ဈေးနှုန်းသည် ၁ ကီလိုဂရမ်ပေါ်တွင် ဗီယက်နမ်ဒေါင်ငွေ ၁၅၀၀ (၀.၀၅၉ အမေရိကန်ဒေါ်လာ) မြင့်တက်ခဲ့ရာ ပြည်တွင်း၌ ကော်ဖီစေ့ဝယ်ယူမှု ဈေးနှုန်းများမှာ ၁ ကီလိုဂရမ်လျှင် ဒေါင်ငွေ ၁၁၄၅၀၀ မှ ၁၁၆၀၀၀ အတွင်းသို့ ရောက်ရှိခဲ့သည်။ လွန်ခဲ့သောနှစ်ကာလများအတွင်း ကော်ဖီဈေးနှုန်းများမှာ နိမ့်ကျမှုရှိခဲ့သဖြင့် ကော်ဖီစိုက်တောင်သူ အများအပြားသည် တန်ဖိုးပိုမိုမြင့်မားသည့် သီးနှံများသို့ တဖြည်းဖြည်း ပြောင်းလဲစိုက်ပျိုးလာခဲ့ကြသည်။ သို့သော် ယခုနှစ်၌ ကော်ဖီစေ့ဈေးနှုန်းများ စံချိန်တင်မြင့်တက်ခြင်းက တောင်သူများ၏ ကော်ဖီစိုက်ဧရိယာ ပြန်လည်တိုးမြင့်မှုကို တွန်းအားပေးမည့် အခွင့်အလမ်းတစ်ရပ်အဖြစ် မျှော်လင့်နိုင်ဖွယ်ရှိသည်။

ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂.၅၇ ဘီလီယံရှိသော ကော်ဖီတန်ချိန် ၇၅၆၀၀၀ တန်ကို တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်နှစ် ကာလတူ၌ တင်ပို့ခဲ့မှုနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၅.၄% နှင့် တန်ဖိုးအားဖြင့် ၅၇.၉% တိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: Vietnam Plus, 29 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News