ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးသလဲထိုးပိဿာချိန် ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်ထွေးက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်တွင် စက်တင်ဘာလအတွင်း ငါးသလဲထိုးပိဿာချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလအတွင်း ငါးသလဲထိုးပိဿာချိန် ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါငါးသလဲထိုး တစ်ပိဿာလျှင် ငွေကျပ် ၂၀၅၀၀ ထိပေါက်ဈေးရှိကြောင်း သိရသည်။ “ပြီးခဲ့တဲ့ တစ်လထဲမှာ ဘိုကလေးမြို့နယ်ကနေ ငါးသလဲထိုး အပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲကို တင်ပို့ရောင်းချခဲ့တာမှာ ငါးသလဲထိုးပိဿာချိန် ၆၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရေထွက်ကိုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချနေတာပါ။ ဒေသရေထွက်ကုန်တစ်ခုဖြစ်တဲ့ ငါးသလဲထိုးကို ရန်ကုန်ဈေးကွက်က နောက်ထပ်လဲ အများအပြားမှာ ယူမှုတွေရှိနေပါတယ်။ ကုန်ချိန်အများအပြား တင်ပို့ရတော့ ရေလုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေနေပါတယ်” ဟု ဘိုကလေးမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်တင်ထွေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးသလဲထိုး အပါအဝင် ရေထွက်ကုန်များတင်ပို့အားကောင်းလာသည့်အတွက် ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ရေလုပ်သားများ၊ ကုန်ထမ်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုအဆင်ပြေလာကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ