ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း တီလားဗီးယား ပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင် ရှင် ဒေါ်ညိုညိုက ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တီလားဗီးယားပိဿာချိန် ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်ထိ တီလားဗီး ယားပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသထွက်ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက် သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
“ပန်းတနော်မြို့နယ်ကနေ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချနေပါတယ်။ ပြည်တွင်းဈေးကွက်ကလဲ တီလားဗီးယားငါးတွေဝယ်ယူမှုများပြားနေပါတယ်။ ဒါ့ကြောင့် ပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချခဲ့ရပါတာကြောင့် ရေလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေပါ အလုပ်အကိုင်အဆင်ပြေစွာ လည်ပတ်နေရပါတယ်” ဟု ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်တွင် မွေးမြူသည့် တီလားဗီးယားငါးနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့် တီလားဗီးယားငါးများ ထွက်ရှိကြောင်း၊ အဆိုပါဒေသမှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သော တီလားဗီးယားငါးတစ်ပိဿာလျှင် ငွေကျပ် ၁၀၅၀၀ ထိပေါက်ဈေးရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ