International News

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများ ထိုင်းစျေးကွက်သို့ ဝင်ရောက်

Last Updated:

ထိုင်းပြည်တွင်းလျှပ်စစ်ကားစျေးကွက်သည် ပိုမိုဝင်ရောက်လာသော တရုတ်ရင်းနှီးမြှုပ်နှံမှုများကြောင့် လျင်မြန်စွာကြီးထွားလာမည်ဖြစ်ပြီး စားသုံးသူများအားဆွဲဆောင်နိုင်ရန် ထုတ်လုပ်သူများက စျေးနှုန်းများလျှော့ချရန် လိုအပ်လာပြီဖြစ်ကြောင်း မော်တော်ကား ကုမ္ပဏီကြီးများကဆိုသည်။ လျှပ်စစ်မော်တော်ကားမျိုးစုံပါဝင်ပြသသည် “ဘန်ကောက်နိုင်ငံတကာမော်တော်ကား ပြပွဲ ” မတိုင်မီ တရုတ်မော်တော်ကားကုမ္ပဏီ ဂရိတ်ဝေါမော်တော် (Great Wall Motor-GWM) ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ Narong Sritalayon က ထိုင်းစျေးကွက်တွင် စျေးနှုန်းတိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

MG တံဆိပ်မော်တော်ကားများ ထုတ်လုပ်သည့် ထိုင်း-တရုတ် ဖက်စပ်ကုမ္ပဏီ SAIC Motor-CP ကလည်း လက်ရှိအခြေအနေများကြောင့် ထုတ်လုပ်သူများအကြား စျေးနှုန်းတိုက်ပွဲဖြစ်လာမည်ဟု ယုံကြည်နေပြီး ကုမ္ပဏီဒုဥက္ကဌ Mr.Pongsak Lertruedeewattanavong က တရုတ်ကုမ္ပဏီအချို့သည် ထိုင်းနိုင်ငံတွင် မော်တော်ကားတံဆိပ်မျိုးစုံကို ရောင်းချနေသော်လည်း MG ကမူ ကိုယ်ပိုင်တံဆိပ်ကိုသာ ရောင်းချမည်ဖြစ် ကြောင်း၊ ချုံဘူရီတွင် စက်ရုံတည်ထားသည့် SAIC Motor-CP သည် တစ်လလျှင် လျှပ်စစ်ကား ၁,၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး စျေးနှုန်းတိုက်ပွဲကိုလည်း ရင်ဆိုင်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းအစိုးရက ပြည်တွင်းလျှပ်စစ်ကားထုတ်လုပ်မှုနှင့် သုံးစွဲမှုမြှင့်တင်ရန် ထောက်ပံ့မှုများ၊ အကောက်ခွန်လျှော့ချမှုများကို EV3.0 အစီအစဉ်ဖြင့် ဆောင်ရွက်ထားရာ ပါဝင်လိုသည့်ကုမ္ပဏီများအနေဖြင့်  ၂၀၂၄ ခုနှစ်မှစ၍ လျှပ်စစ်ကားများကို ထုတ်လုပ်ရမည် ဖြစ်ပါသည်။ SAIC Motor-CP ကုမ္ပဏီသည် အဆိုပါအစီအစဉ်၌ ပါဝင်ခဲ့ပါသည်။

တရုတ်လျှပ်စစ်ကားကုမ္ပဏီ ချယ်ရီမော်တော်ကား၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့်  Omoda & Jaecoo (Thailand )  သည် ၎င်း၏လျှပ်စစ်ကား စက်ရုံကို ထိုင်းနိုင်ငံ၊ ရေရန်ပြည်နယ် (Rayong)တွင် ဖွင့်လှစ်ရန်နှင့်  နောက်နှစ်တွင်ထုတ်လုပ်မှုများစတင်ရန် ထုတ်ပြန်ကြေညာခဲ့ပြီး ယခုနှစ်တွင် Omoda EV5 နှင့် Jaecoo 7 ကားစီးရေ ၆၀၀၀ ခန့်ကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကားချေးငွေအပေါ် တင်းကျပ်သည့်ဘဏ်စံနှုန်းများကြောင့် တရုတ်နိုင်ငံမှလျှပ်စစ်ကားတင်သွင်းမှုနှင့် ပြည်တွင်းအင်ဂျင်သုံး မော်တော်ကားများ ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိမည်ဟု ထိုင်းစက်မှုလုပ်ငန်း အသင်းချုပ်၏ မော်တော်ကားလုပ်ငန်းအသင်းမှ အစောပိုင်းက ပြောကြားခဲ့သည်။ ကားချေငွေရယူခွင့်ကို ပိုမိုကန့်သတ်ခြင်းသည် ပြည်တွင်း၌ ပစ်ကပ်ကားများရောင်းချမှုကို ထိခိုက်နိုင်သော်လည်း လူစီးကားနှင့် SUV အမျိုးအစားကားများရောင်းချမှုကို မထိခိုက်စေသင့်ကြောင်း၊ လူစီးကားနှင့် SUV အမျိုးအစားကားများ ဝယ်လိုအားသည်ခိုင်မာဆဲ ဖြစ်ကြောင်း  Mr Pongsak က ပြောကြားခဲ့ပါသည်။

Source: Bangkok Post

Source: https://commerce.gov.mm

Category: International News