Local News

မတ်ပဲဈေးဆက်တက်မလာဘဲ ဈေးငြိမ်နေ

Last Updated:

ဇွန်လဒုတိယသီတင်းပတ်အကုန်မှစ၍ မတ်ပဲတစ်တင်းဈေးနှုန်း ကျပ်(၁၁၀၀၀၀) အောက်သို့ ကျဆင်းလာပြီးနောက် စတုတ္ထပတ်အတွင်း ဈေးနှုန်းပြန်လည် တက်ရိပ်ပြခဲ့သော်လည်း ယခု လက်ရှိအချိန်အထိ မတ်ပဲဈေးနှုန်းများ အကျဘက်တွင် ဆက်ရှိသေးကြောင်း တွေ့ရှိရပါသည်။ ဧရာဝတီတိုင်းဒေသကြီးသည် မတ်ပဲအများဆုံး စိုက်ပျိုးထွက်ရှိသည့်ဒေသဖြစ်ပြီး တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဇွန်လ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် တစ်တင်း ကျပ် ၁၀၉၂၀၀၊ ဇူလိုင်လ ၁ ရက်နေ့တွင် ကျပ် ၁၀၇၀၀၀၊ ၂ ရက်နေ့တွင် ကျပ် ၁၀၇၂၀၀၊  ၃ ရက်နေ့တွင် ကျပ် ၁၀၇၈၀၀ ၊ ၄ ရက်နေ့တွင် ကျပ် ၁၀၇၅၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

မြန်မာမတ်ပဲကို ပြည်တွင်းစားသုံးမှုမရှိသလောက်နည်းပါးပြီး မြန်မာနိုင်ငံမှထွက်ရှိသည့် မတ်ပဲအားလုံးနီးပါးကို အဓိကဝယ်လက်ဖြစ်သည့် အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိရာ အိန္ဒိယနိုင်ငံ၏ မတ်ပဲထွက်ရှိမှု၊ တင်သွင်းမှု၊ ပြည်တွင်းဈေးကွက်အခြေအနေနှင့် ဝယ်လိုအား၊ အိန္ဒိယအစိုးရ၏ ပဲမျိုးစုံအပေါ်ကန့်သတ်ချက်များ၊ ထုတ်ပြန်ချက်များ၊ အိန္ဒိယနိုင်ငံ ရာသီဥတု အခြေအနေ စသည်တို့သည် မြန်မာမတ်ပဲဈေးကွက်အပေါ် အလုံးစုံလွှမ်းမိုး သက်ရောက်လျက်ရှိ ကြောင်းတွေ့ရသည်။

ယခင်သီတင်းပတ်အတွင်း မတ်ပဲဈေးအကျတွင် မြန်မာမတ်ပဲကိုလက်ဝယ်ရှိသူများက အရောင်းပမာဏထိန်းထားခြင်း၊ ဈေးအတက်ကိုစောင့်ဆိုင်းခြင်းတို့ကြောင့် ဈေးနှုန်းတက်ရိပ်ပြခဲ့ သော်လည်း အိန္ဒိယနိုင်ငံ၏ပြည်တွင်းမတ်ပဲဈေးကွက်တွင် ဇွန်လ ၂၉ ရက်နေ့မှစတင်ကာ ပဲခွဲစက် များမှဝယ်လိုအားကျဆင်းခြင်း၊ မတ်ပဲထိပ်စရောင်းလိုအားများလာခြင်း၊ အဓိကစိုက်ပျိုးထွက်ရှိ သည့် ဒေသများမှ နွေစိုက်မတ်ပဲများဈေးကွက်အတွင်းဝင်ရောက်လာခြင်း၊ မြန်မာမတ်ပဲ CNF ဈေးနှုန်းကျဆင်းခြင်းတို့ကြောင့် မတ်ပဲဈေးပြန်လည်ကျဆင်းနေကြောင်း၊ လက်ရှိပေါက်ဈေးဖြင့် ဆက်လက် တည်ငြိမ်နေဦးမည်ဖြစ်ကြောင်း IPGA ကဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးဧရိယာများ ယခင်နှစ်ကထက်ပိုမို တိုးတက်လာနေခြင်း၊ အစိုးရက ပဲမျိုးစုံဈေးနှုန်းကိုထိန်းသိမ်းနိုင်ရန် စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိခြင်း တို့ကြောင့် လည်း မတ်ပဲဈေးနှုန်းအကျဖက်တွင်ရှိနေပြီး ပြောင်းလဲဖြစ်ပေါ်လျှက်ရှိသည့် ရာသီဥတုအခြေ အနေ၊ မိုးရေရှိမှုတို့အပေါ်မူတည်၍ ဈေးနှုန်းအလွန်အမင်းကျဆင်းနိုင်ချေမရှိကြောင်း သုံးသပ်ရပါ သည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News