International News

ယခုနှစ် ဆန်တင်ပို့မှုမှ ဒေါ်လာ ၅ ဘီလီယံရရှိရန် ဗီယက်နမ်မျှော်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံအနေဖြင့် လက်ရှိဆန်တင်ပို့မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားမည်ဆိုပါက ယခုနှစ်တွင် ဆန်တင်ပို့မှုသည် စံချိန်တင်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရှိလာနိုင်ကြောင်း ဆန်တင်ပို့သည့် GLE ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Vu Tuan Anh က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အာဖရိကနိုင်ငံများကဲ့သို့ အဓိက ဆန်တင်သွင်းသူများ၏ ၀ယ်လိုအားမှာ ကြီးမားသောကြောင့် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့ရန်အတွက် ဈေးကွက်နေရာ အများအပြားရှိနေသည်။ ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ အင်ဒိုနီးရှားသည် ၂၀၂၄ ခုနှစ် ပထမငါးလတွင် ဆန်တန်ချိန် ၂ ဒသမ ၂ သန်း တင်သွင်းခဲ့ပြီး ဇွန်လမှ ဒီဇင်ဘာလအထိ တန်ချိန် ၂ ဒသမ ၁ သန်း ထပ်မံ တင်သွင်းရန် စီစဉ်ထားကြောင်း သိရသည်။

မိုးခေါင်ခြင်း၊ ရေကြီးခြင်း သို့မဟုတ် ပိုးမွှားများကြောင့် နိုင်ငံ၏ ကောက်ပဲသီးနှံ အထွက်ပမာဏမှာ မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့နေပါက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၄.၃ သန်းအထိ တင်သွင်းရနိုင်ကြောင်း၊  ဗီယက်နမ်ဆန်၏ အရည်အသွေးသည် ကမ္ဘာ့အဆင့်အမြင့်ဆုံးစာရင်းတွင် ပါဝင်သောကြောင့် ယင်းအခြေအနေသည် ဗီယက်နမ် ဆန်တင်ပို့သူများအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း Mr. Anh က ပြောကြားခဲ့ပါသည်။ ထို့အပြင် ယခုနှစ် ပထမခြောက်လအတွင်း ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်သွင်းခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရန် အလားအလာကောင်းများရှိပြီး ကျန်လများတွင် ၀ယ်လိုအား တည်ငြိမ်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဗီယက်နမ်အကောက်ခွန်ဌာန၏ အချက်အလက်များအရ ယခုနှစ်စပိုင်းမှ ဇူလိုင်လလယ်အထိ ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၄ ဒသမ ၈ သန်းကျော် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံခန့် ရရှိခဲ့ကြောင်းသိရသည်။ ပျမ်းမျှဆန်တင်ပို့မှု ဈေးနှုန်းသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်တန်လျှင် ၆၁၂ ဒသမ ၃ အမေရိကန်ဒေါ်လာသို့ ရောက်ရှိခဲ့သည်။

ဗီယက်နမ်စားနပ်ရိက္ခာအသင်း၏ ဥက္ကဋ္ဌ Nguyen Ngoc Nam က ဗီယက်နမ်ဆန်ကို အဓိကတင်သွင်းသော တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစသည့် သမားရိုးကျ ဈေးကွက်များ အပါအဝင် ကမ္ဘာ့ဆန်ဝယ်လိုအားသည် ကြီးမားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအသင်းသည် ဗီယက်နမ်ဆန်ကို အာဖရိကနှင့် အရှေ့အလယ်ပိုင်းကဲ့သို့သော စျေးကွက်သစ်များသို့ တင်ပို့နိုင်ရေး တက်ကြွစွာ မိတ်ဆက်လုပ်ဆောင်လျက်ရှိသည်။

ဗီယက်နမ်နိုင်ငံ၏ မကြိတ်ခွဲရသေးသော စပါးထွက်ရှိမှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၄၃ သန်းကျော်အထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း၊ ၎င်းပမာဏသည် ပြည်တွင်းစားသုံးမှုနှင့် ကြိတ်ခွဲပြီးဆန် တန်ချိန် ၈ သန်းကျော်ကို တင်ပို့ရန်အတွက် လုံလောက်မှုရှိကြောင်း ဗီယက်နမ်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ပြောကြားထားသည်။

Source: Vietnam Plus, 26 July 2024 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News