Local News

မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ပဲတီစိမ်းနှင့် ပဲကြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ပဲတီစိမ်းနှင့် ပဲကြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပဲ၊ ပြောင်း၊ နှမ်း စသည့် ကုန်စည်များထဲတွင် ယခင်က ပဲတီစိမ်းနှင့် ပဲကြီးမှာ ပြည်တွင်းဈေးကွက် အတွင်း ဝယ်ယူမှုနည်းခြင်းကြောင့် အရောင်းအဝယ်အေးခဲ့ကြောင်း၊ ယခုလက်ရှိတွင် ပဲတီစိမ်းနှင့် ပဲကြီးကို ကုန်သည်များ ဝယ်ယူမှုများလာပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ “အခု မန္တလေးဈေးကွက် ထဲမှာ ပဲတီစိမ်းနဲ့ ပဲကြီး အမျိုးအစားတွေ အဝယ်တော်တော်လေး ပြန်လိုက်လာပါတယ်။ ဈေးကွက်ထဲမှာတော့ တခြား ပဲ၊ ပြောင်း၊ နှမ်း စတဲ့ကုန်စည်တွေလဲ ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေး ပဲ၊ နှမ်း ဈေးကွက်အတွင်း ယနေ့ ပေါက်ဈေးအရ ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀၊ ပဲကြီး သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။ “ကုလားပဲနဲ့ နှမ်းတွေကလဲ ဈေးကွက်ထဲမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်းဈေးကွက်အပြင် ပြည်ပနိုင်ငံ တွေကလဲ ကုလားပဲနဲ့ နှမ်းဝယ်ယူမှုတွေရှိပါတယ်။ တခြားနိုင်လွန်ပဲတို့ ပဲစင်းငုံတို့ကလဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။ ယခု ပဲ၊ ပြောင်း၊ နှမ်းဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ နှမ်းနက်(စမုန်) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၆၄၀၀၀၀၊ နှမ်းညို သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News