Local News

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအဓိကထား အသုံးပြု၍ ကော်ဖီစိုက်ဧကများ တိုးချဲ့စိုက်ပျိုးသွားမည်

Last Updated:

မြန်မာ့ကော်ဖီကို လက်ရှိဈေးကွက်အပြင် ဈေးကွက်အသစ်သို့ တင်ပို့ရောင်းနိုင်ရန် အဆိုပြုဖိတ်ခေါ်လာတာကြောင့် ပြည်တွင်းကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။ လက်ရှိမှာ  Arabica ကော်ဖီ ဧက ၄၀၀၀၀ ခန့်နှင့် Robusta ကော်ဖီဧက ၁၀၀၀၀ ခန့် စိုက်ပျိုး လျက်ရှိရာ နှစ်စဉ်ကော်ဖီတန်ချိန်  ၅၀၀၀ ကျော်ကို ပြည်ပသို့တင်ပို့နေသည်။

ကမ္ဘာပေါ်မှာ ကော်ဖီစိုက်ပျိုး ထုတ်လုပ်တင်ပို့သည့် နိုင်ငံများမှာ မြန်မာနိုင်ငံအပါအဝင် ၇၅ နိုင်ငံ တင်ပို့လျက်ရှိရာ မြန်မာ့ကော်ဖီသည် အနံ့အရသာနှင့် အရည်အသွေးပိုင်းမှာ ထိပ်တန်း အဆင့်မြင့်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်မှာ နာမည်ကောင်းရရှိနေတာဖြစ်သည်။ ကော်ဖီသည် ကမ္ဘာ့ဈေးကွက်မှာ ရောင်းသူပမာဏ ဒုတိယအများဆုံးဖြစ်ခြင်းကြောင့် မြန်မာကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ အမြောက်အများတင်ပို့နိုင်ရန် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန် ကော်ဖီလုပ်ငန်းလုပ်ကိုင်လိုသူများ ဖိတ်ခေါ်ကာ ဆောင်ရွက်နေခြင်းဖြစ်သည်။  

လက်ရှိမှာ မြန်မာ့ကော်ဖီကို တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဘယ်ဂျီယံနှင့် ဆွစ်ဇာလန်နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် ကော်ဖီ စိုက်ပျိုးမှုစာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင်  ကော်ဖီဧက  ၅၀၀၀၀ ကျော် စိုက်ပျိုးလျက်ရှိရာ ပြည်ပပို့ကုန်ကဏ္ဍတိုးတက် နိုင်ရန်အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အဓိကအသုံးပြုရာ ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ စိုက်ပျိုးပြီး စုစုပေါင်း ကော်ဖီ ဧက တစ်သိန်းထိ စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News