Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးရှဉ့် ပိဿာချိန် ၇၇၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်းက ငါးရှဉ့်ပိဿာချိန် ၇၇၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်အေးက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်းက ငါးရှဉ့်ပိဿာချိန် ၄၅၀၀၀ သာ တင်ပို့ရောင်းချခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်ထိ ငါးရှဉ့်ပိဿာချိန် ၇၇၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးရှဉ့်များတင်ပို့ရောင်းချမှုအားကောင်းလာခြင်းသည် ပြည်တွင်းမှ  ငါးရှဉ့်များကို ပြည်ပဈေးကွက်သို့ တင်ပို့အားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်လောက်ကတည်းက ရန်ကုန်ဈေးကွက်ကို ငါးရှဉ့်တွေ သိသိသာသာ တင်ပို့အားကောင်းခဲ့ပါတယ်။ ငါးရှဉ့်တွေ တင်ပို့ရောင်းချအားတက်ခဲ့တာကလဲ ပြည်ပငါးရှဉ့် တင်ပို့တဲ့လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်လာတာနဲ့ ပြည်ပက ငါးရှဉ့်ဝယ်ယူမှု အားကောင်းလာတာကြောင့်ပါ။ ဒေသထွက်ငါးရှဉ့်တွေကို ရန်ကုန်မြို့ကိုပဲ အဓိကတင်ပို့တာပါ။ ရန်ကုန်ကနေတစ်ဆင့် တစ်ခြားပြည်တွင်း ပြည်ပဈေးကွက်တွေဆီ ဆက်လက်ဖြန့်ဖြူးရောင်းချတာဖြစ်ပါတယ်။ အခုလို ဝယ်ယူမှုအားလာတော့ ငါးရှဉ့်မွေးမြူရေးလုပ်ငန်းရှင်တွေ၊ လုပ်သားတွေ၊ ငါးရှဉ့်ရှာဖွေဖမ်းဆီးသူတွေ အလုပ်အကိုင်ရရှိပါတယ်” ဟု မော်မြိုင်ကျွန်းမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်အေးက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တင်ပို့ရောင်းချခဲ့ရသည့် ငါးရှဉ့် ၁၀ ပိဿာလျှင် ငွေကျပ် ၁၃၅၀၀၀ ထိ ဈေးပေါက်ခဲ့ကြောင်း၊ အဆိုပါ ဒေသတွင် ငါးရှဉ့်မွေးမြူရေးလုပ်ငန်းနှင့် သဘာဝအတိုင်း ချောင်း၊ အိုင်၊ မြောင်း၊ လယ်ကွင်းများမှ ရှာဖွေဖမ်းဆီးရရှိသည့် ငါးရှဉ့်များထွက်ရှိကြောင်း၊ ဒေသထွက်ငါးရှဉ့်များကို ပြည်တွင်းရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News