Local News

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးခူပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့‌ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးခူပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဝါးခယ်မမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အိအိဌေးက ပြောပြသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇန်နဝါရီလအတွင်းက ငါးခူပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ငါးခူပိဿာချန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးခူ ၁၀ ပိဿာလျှင် ငွေကျပ် ၁၅၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ငါးခူပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအပါ်မူတည်ပြီး ဒီဘက်ကနေ တင်ပို့ရောင်းချနေပါတယ်။ ငါးခူက ပြည်တွင်းစားသုံးမှုများတဲ့ ငါးအမျိုးအစားထဲမှာပါတယ်။ လက်ရှိမှာလဲ ဝယ်ယူမှုအားကောင်းနေပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရတဲ့လမ်းကြောင်းလဲ အဆင်ပြေပါတယ်” ဟု ဝါးခယ်မမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အိအိဌေးက ပြောပြ၍သိရသည်။ ဝါးခယ်မမြို့နယ်တွင် ဒေသထွက်ငါးခူများကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးခူများဝယ်ယူမှုအားကောင်းလာသည့်အတွက် ငါးခူမွေးမြူသူများ၊ ကုန်သည်များ၊ ရေလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News