International News

၂၀၂၄ ခုနှစ် ပထမသုံးလပတ်၌ ရော်ဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၀၇ သန်း ဗီယက်နမ်နိုင်ငံရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း စုစုပေါင်း ရော်ဘာတန်ချိန် ၄၁၄၃၁၇ ခန့်တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀၇ သန်းကျော်ရရှိခဲ့သည်ဟု ဗီယက်နမ် အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ သိရှိရကြောင်း Vietnam News က ဧပြီလ ၂၇ ရက်နေ့တွင် ရေးသားဖော်ပြပါသည်။

၂၀၂၄ ခုနှစ် မတ်လ တစ်လတည်းတွင် ဗီယက်နမ်နိုင်ငံသည် ပြည်ပဈေးကွက်သို့ ရော်ဘာတန်ချိန် ၁၁၆၁၀၀ တင်ပို့ခဲ့ပြီး ဒေါ်လာ သန်း ၁၈၀ ကျော် ဝင်ငွေရရှိခဲ့ကြောင်း၊ ၎င်းပမာဏများ သည် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၈.၅% ခန့်၊ တန်ဖိုးအားဖြင့် ၁၄.၃% တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ သုံးလတာကာလအတွင်း နိုင်ငံတကာဈေးကွက်၌ ဗီယက်နမ်နိုင်ငံ ရော်ဘာတစ်တန်၏ ပျမ်းမျှဈေးနှုန်းမှာ ၁၄၆၆ ဒေါ်လာရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလထက် ၅.၃% မြင့်တက်ခဲ့ကြောင်း သိရပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်ရော်ဘာကို အများဆုံးဝယ်ယူမှုရှိပြီး ရော်ဘာတင်ပို့မှု စုစုပေါင်း၏ ၅၂.၈၃% ရှိကြောင်း၊ တရုတ်နိုင်ငံသည် မတ်လ၌ ဒေါ်လာ ၉၀.၇၂ သန်းတန်ဖိုးရှိသော ဗီယက်နမ်ရော်ဘာ ၆၁၃၄၀ တန်ကို တင်သွင်းခဲ့ပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက တင်သွင်းမှုပမာဏ ၄.၅%၊ တန်ဖိုး ၇.၉% မြင့်တက်လာခဲ့ကြောင်း၊ တရုတ်ဈေးကွက်သို့ ရော်ဘာတင်ပို့သည့် ပျမ်းမျှ စျေးနှုန်းမှာ တစ်တန်လျှင် ၁၄၇၉ ဒေါ်လာရှိပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထက် ၃.၂% နှင့်၂၀၂၃ ခုနှစ် မတ်လဈေးနှုန်းထက် ၇.၁% တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံထံမှ ဒေါ်လာ ၄၀၇ သန်း ကျော်တန်ဖိုးရှိသော ရော်ဘာတန်ချိန် ၂၈၇၈၅၀ တန်ကို တင်သွင်းခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန်၌ ၁.၆% လျော့ကျခဲ့သော်လည်း တန်ဖိုးမှာ ၂.၇% မြင့်တက်လာကြောင်း ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်မှုအင်ဂျင်စီ၏ ဖော်ပြချက်များအရ သိရှိရသည်။

၂၀၂၄ ခုနှစ်၊ မတ်လတွင် အိန္ဒိယ၊ ဂျာမနီ၊ တူရကီ၊ ရုရှား၊ သီရိလင်္ကာ၊ ဘယ်လ်ဂျီယံနှင့် အမေရိကန်တို့အပါအဝင် စျေးကွက်အသီးသီးသို့ ရော်ဘာတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ပမာဏနှင့် တန်ဖိုးသိသာစွာ တိုးတက်လာကြောင်း၊ အိန္ဒိယနိုင်ငံသည် အနည်းဆုံး ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြုပ်နှံမှုရှိပြီး သုံးနှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုစတင်သည့် လျှပ်စစ်သုံး မော်တော်ယာဉ်များ ထုတ်လုပ်သော ကုမ္ပဏီများ၏ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု နှုန်းထားများကိုလျှော့ချရန် မကြာသေးမီကဆုံးဖြတ်ခဲ့ရာ ဤဖွံ့ဖြိုးတိုးတက်မှုရလဒ်က အိန္ဒိယနိုင်ငံ၏ တာယာထုတ်လုပ်မှုတွင် ရော်ဘာလိုအပ်ချက်အတွက် ကောင်းမွန်စေမည်ဖြစ်ကြောင်း Vietnam News သတင်းဌာနက ရေးသားဖော်ပြသည်။

Source: Vietnam News, 27 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News