International News

၂၀၂၄ ခုနှစ် ပထမသုံးလပတ်၌ ကမ္ဘောဒီးယားနိုင်ငံ၏ ရော်ဘာတင်ပို့မှု ၅ ရာခိုင်နှုန်းမြင့်တက်

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရော်ဘာအခြောက် တန်ချိန် ၆၉၃၂၂ တန်တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလ၌ တင်ပို့ခဲ့မှု ၆၅၉၂၁ တန်အပေါ် ၅.၁%  တိုးတက်လာကြောင်း ကမ္ဘောဒီးယား ရော်ဘာညွှန်ကြားမှုဦးစီးဌာန၏ ၂၃-၄-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ရော်ဘာတင်ပို့မှုမှ ဝင်ငွေရရှိမှုမှာ ဒေါ်လာ ၁၀၀.၅ သန်းဖြစ်ပြီး ၂၀၂၃ ခုနှစ် အလားတူကာလတွင် ဒေါ်လာ ၉၂.၉ သန်းသာ ရရှိခဲ့ရာ တန်ဖိုးအားဖြင့် ၈% တိုးတက်လာခြင်းဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရော်ဘာအခြောက်တစ်တန်၏ ပျမ်းမျှဈေးနှုန်းမှာ ဒေါ်လာ ၁၄၅၀ ရှိပြီး ယခင်နှစ်အလားတူ ကာလထက် ၄၁ ဒေါ်လာခန့် ပိုမိုခဲ့ကြောင်း ရော်ဘာညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် Mr. Khun Kakada က အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာပို့ကုန်ပစ္စည်းများကို မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း၊ ယခုအချိန်အထိ စုစုပေါင်း ရော်ဘာစိုက်ပျိုး ဧရိယာ ၄၀၇၁၇၂ ဟက်တာခန့် စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း၊ အဆိုပါဧရိယာပမာဏအနက်  ဟက်တာပေါင်း ၃၂၀၁၈၄ သို့မဟုတ် ၇၉% ခန့်သည် ရော်ဘာအစေးခြစ် ထုတ်လုပ်နိုင်မှုရှိကြောင်း သတင်းရရှိပါသည်။

Source: Khmer Times, 26 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News