Local News

ပဲစင်းငုံဈေးကွက်အလားအလာ

Last Updated:

မေလအတွင်းပဲစင်းငုံဈေးနှုန်းများအရ ၁ တန်ဈေးနှုန်း ကျပ် ၄၄ သိန်းအောက်ရှိခဲ့ပြီး မေလအကုန်တွင် ကျပ် ၄၅ သိန်း ၅ သောင်းအထိဈေးမြင့်တက်ခဲ့ရာမှ ယခုဇွန်လပထမပတ်အတွင်းတွင် ကျပ် ၄၄ သိန်းနှင့် ၄၄ သိန်း ၅ သောင်းကြားတွင် အတက်အကျဖြစ်ပေါ်လျှက်ရှိကြောင်း တွေ့ရသည်။

လက်ရှိကာလတွင် ရွှေဈေးနှုန်းနှင့် ငွေကြေးဈေးနှုန်းမတည်ငြိမ်မှုများက ပဲမျိုးစုံ ရောင်းဝယ်ရေးနှင့် တင်ပို့မှုအပေါ်သက်ရောက်မှုရှိနေကြောင်း ပဲမျိုးစုံရောင်းဝယ်ရေးကုန်သည်များထံမှ သိရှိရပြီး၊ မြန်မာပဲကုန်သည်များအနေဖြင့် ငွေသားထက် ပဲလက်ဝယ်သိုလှောင်ထားရှိမှုများနေကြောင်း ပဲရောင်းဝယ်ရေးကုန်သည်များထံမှ သိရှိရသည်။

အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ ထုတ်ပြန်ချက်အရ ယခုနှစ်ပဲစင်းငုံစိုက်ပျိုးထွက်ရှိမှုသည် ယခင်နှစ်ထက် တန်ချိန် ၀.၀၈ သန်းတိုးလာသည်ဟု သိရှိရပြီး၊ ယခုနှစ်တွင်လည်း ပဲစင်းငုံ တိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရသည်။ လာမည့် မိုးရာသီကာလတွင် ပဲစင်းငုံဝယ်လိုအားတက်လာနိုင်သော်လည်း မြန်မာပဲစင်းငုံ CNF ဈေးနှုန်းမြင့်လာခြင်း၊ အာဖရိက၏ပဲစင်းငုံတင်ပို့မှုနှင့် ယှဉ်ပြိုင်ရနိုင်ခြင်း၊ လက်ရှိတွင် အိန္ဒိယနိုင်ငံပဲခွဲစက်များက အာဖရိကမှတင်သွင်းသော ပဲစင်းငုံကို ပိုမိုဝယ်ယူလျက်ရှိခြင်းတို့ကြောင့် မြန်မာပဲစင်းငုံဈေးကွက်အပေါ်သက်ရောက်မှုများရှိလာနိုင်ကြောင်း သုံးသပ်ရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News