Local News

မကွေးတိုင်းဒေသကြီး ကမ်းရင်ကျေးရွာ၌ ဖရဲသီးဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

Last Updated:

မကွေးတိုင်းဒေသကြီး မကွေးမြို့ ကမ်းရင်ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဖရဲသီးနှံကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဖရဲသီးနှံဧက ၁၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။ ဖရဲသီးကို ဩဂုတ်လတွင် စိုက်ပျိုးပြီး အောက်တိုဘာလတွင် ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် ဖရဲ-855 မျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် ဖရဲမျိုးစေ့ထုပ် လေးထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေပြုပြင်၍ တန်းကြား ငါးပေ၊ ကျင်းကြား သုံးပေခြား၍ မိုးရေသောက်စနစ်နှင့် မြေအောက်ရေတင်စနစ်ဟူ၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၂ သိန်းကျော် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ဖရဲသီးအလုံးရေ ၁၅၀၀-၂၀၀၀ ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဖရဲသီးတစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၂၀၀၀-၂၅၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေး၊ မင်းဘူး၊ စကု၊ ရေနံချောင်းမြို့များအပြင် ရန်ကုန်မြို့သို့လည်း တင်ပို့ ရောင်းချကြောင်း၊ ဖရဲသီးနှံပေါ်စအချိန်တွင် ဈေးကောင်းရ၍ အကျိုးအမြတ်များရရှိသည့်အတွက် ဖရဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News