Local News

ကျောက်ဆည်မြို့နယ် အနောက်ငါးဆူကျေးရွာ၌ စိုက်ပျိုးထားသည့် ခရမ်းချဉ်စိုက်ခင်းများ အထွက်နှုန်း ကောင်းမွန်

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အနောက် ငါးဆူကျေးရွာ၌ စိုက်ပျိုးထားသည့် ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခရမ်းချဉ်သည် မျိုးကွဲများစွာရှိသော်လည်း စီးပွားဖြစ်စိုက်ပျိုးသူများအနေဖြင့် အခွံထူ၍ အထားခံသည့်  ပံတံဆိပ်တိုင်ထောင် ခရမ်းချဉ်မျိုးကို အဓိကထား စိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာတွင် အပင်သက်တမ်းကြာရှည်ပြီး အထွက်နှုန်းကောင်းမွန်စေရန် သဘာဝမြေသြဇာဖြစ်သည့် နွားချေးအပြင် ကွန်ပေါင်းဓာတ်မြေသြဇာများကို ထည့်သွင်းစိုက်ပျိုးရကြောင်း၊ ရေအလေအလွင့် နည်းပါးပြီး ရေသွင်း/ရေထုတ်လွယ်ကူစေရန် မြေဘောင်များပြုလုပ်၍ ပလတ်စတစ်အပါးစများခင်းပြီး သုံးပေခြား အပေါက်များဖောက်ကာ ပျိုးထောင်ထားသည့် ပျိုးပင်များကို စိုက်ပျိုးကြကြောင်းနှင့် ပလတ်စတစ်ခင်း၍ စိုက်ပျိုးခြင်းဖြင့် စိုက်ခင်းအတွင်း ပေါင်းမြက်ကင်းရှင်းခြင်း၊ အပင်ဖြစ်ထွန်းမှုရှိခြင်း၊ အသီးအထွက်နှုန်းကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။

အသီးစတင်ဆွတ်ခူးချိန်တွင်ရရှိသည့် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ကြိမ်ဆွတ်ခူးပါက ပိဿာချိန် ၁၅၀ ကျော်အထိ ဆွတ်ခူးရရှိကြောင်း၊ သုံးလခန့်အထိ ဆွတ်ခူးရောင်းချနိုင်ပြီး နှစ်ရက်ခြား၊ သုံးရက်ခြားတစ်ကြိမ် ဆွတ်ခူးရကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News