Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း တီလားဗီးယား ပိဿာချိန် ၇၁၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တီလားဗီးယားပိဿာချိန် ၇၁၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်သက်စုက ပြောပြ၍ သိရသည်။

ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ထိုသို့ တင်ပို့ရောင်းချရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ တစ်လအတွင်း တီလားဗီးယားပိဿာချိန် ၇၁၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပန်းတနော်မြို့နယ်က ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကလဲ တီလားဗီးယားငါးတွေ ဝယ်ယူမှုကောင်းနေတာကြောင့် ပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချခဲ့ရတာပါ။ ငါးပိဿာချိန်တွေ တော်တော်များများ တင်ပို့ရောင်းချနေရတာကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေအဆင်ပြေနေပါတယ်။ အခုတီလားဗီးယား ဝယ်ယူမှုကောင်းလာတာကြောင့် မွေးမြူသူတွေ ငါးအကောင်ရေ ထပ်တိုးမွေးလာတာတွေ့ရပါတယ်။ ငါးဈေးကတော့ ပုံမှန်အခြေအနေမှာပဲရှိပါတယ်” ဟု ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်သက်စုက ပြောပြသည်။

ပန်းတနော်မြို့နယ်တွင်မွေးမြူသည့် တီလားဗီးယားငါးနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့် တီလားဗီးယားငါးများထွက်ရှိပြီး အဆိုပါ တီလားဗီးယားကို သုံးလခန့်မွေးမြူရကြောင်း၊ အဆိုပါ ပန်းတနော်မြို့နယ်မှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေသည့် တီလားဗီးယားတစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ ထိ ဈေးပေါက်နေကြောင်း ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်သက်စုထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News